မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းမှုကြောင့် နိုင်ငံရေးအပြောင်းအလဲဖြစ်ပေါ်ပြီးနောက် လေးနှစ်အကြာတွင် လူဦးရေ ၁၅ သန်းကျော်သည် စားနပ်ရိက္ခာမလုံလောက်မှုအပါအဝင် လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများကို ဆက်လက်ရုန်းကန်နေရကြောင်း ကုလသမဂ္ဂ၏ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (OCHA Myanmar) က ယမန်နေ့တွင် ထုတ်ပြန်လိုက်သည်။
OCHA Myanmar ၏ ထုတ်ပြန်ချက်အရ၊ ပဋိပက္ခများ ဆက်တိုက်ဖြစ်ပွားနေခြင်း၊ သဘာဝဘေးအန္တရာယ်များ၊ စီးပွားရေးကျဆင်းမှုနှင့် လူမှုဝန်ဆောင်မှုများ ပြတ်တောက်နေခြင်းတို့ကြောင့် ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေ ၃.၅ သန်းကျော်အထိ စံချိန်တင်မြင့်တက်လာခဲ့သည်။ အထူးသဖြင့် အရှေ့မြောက်၊ အနောက်မြောက်နှင့် အရှေ့တောင်ဒေသများတွင် မြန်မာစစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး ERO, PDF တပ်ဖွဲ့ များအကြား ပြင်းထန်သော တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိသည်။
ထို့အပြင် မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော လက်နက်ပစ္စည်းများကြောင့် သေဆုံးဒဏ်ရာရသူ အရေအတွက်သည် အခြားနိုင်ငံများထက် သိသိသာသာ မြင့်မားနေပြီး ကမ္ဘာ့အဆင့်တွင် အမြင့်ဆုံးဖြစ်နေသည်။
ပညာရေး၊ ကျန်းမာရေးနှင့် သောက်သုံးရေရရှိမှု ကင်းမဲ့ခြင်းကြောင့် ပြည်သူများသည် ဘဝအရည်အသွေး လျော့ကျမှုကို နေ့စဉ်ခံစားနေရသည်။
လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းများသည် ၂၀၂၄ ခုနှစ်အတွင်း လူဦးရေ ၄.၂ သန်းကို အရေးပေါ်အထောက်အပံ့များ ပေးနိုင်ခဲ့သော်လည်း ၂၀၂၅ ခုနှစ်တွင် လူဦးရေ ၅.၅ သန်းအထိ ကူညီနိုင်ရန် ဒေါ်လာ ၁.၁ ဘီလီယံ ရန်ပုံငွေလိုအပ်ကြောင်း OCHA Myanmar က ဆိုသည်။
သို့သော် လက်ရှိအခြေအနေတွင် ရန်ပုံငွေနှင့် လုံခြုံရေးစိန်ခေါ်မှုများကြောင့် လိုအပ်ချက်များ၏ တစ်စိတ်တစ်ပိုင်းသာ ဖြည့်ဆည်းနိုင်သည်ဟု သိရသည်။
“ပဋိပက္ခ၏အရှိန်သည် လူမှုဘဝအားလုံးကို ခြိမ်းခြောက်လျက်ရှိပါသည်။
ငြိမ်းချမ်းရေးနှင့် စဉ်ဆက်မပြတ် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ကမ္ဘာ့အသိုင်းအဝိုင်း၏ အရေးပေါ်ပူးပေါင်းဆောင်ရွက်မှု လိုအပ်နေပါသည်” ဟု OCHA Myanmar က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံ၏လူဦးရေကို ကုလသမဂ္ဂ (UN) နှင့် ကမ္ဘာ့ဘဏ် (၂၀၂၃) အရ ၅၄.၈ သန်း၊ ဖော်ပြထားသော်လည်း ပဋိပက္ခဒဏ်ခံရသော ပြည်တွင်းစစ်ဘေးရှောင်များ၊ အိမ်နီးချင်းနိုင်ငံများသို့ ထွက်ပြေးတိမ်းရှောင်နေရသူများကြောင့် လက်တွေ့လူဦးရေအတိအကျကို သိရှိရန် စိန်ခေါ်မှုရှိကြောင်း သိရသည်။