ကောင်းဝါ- ၂၀၂၃ ဇူလိုင်(၉)
ဖိလစ်ပိုင်နိုင်ငံတွင် အွန်လိုင်းဂိမ်းကုမ္ပဏီလုပ်ငန်းဖျက်သိမ်းခံရပြီး အလုပ်ရှင်ထွက်ပြေးသွားသဖြင့် ဒုက္ခကြုံတွေ့နေသည့် မြန်မာနိုင်ငံသား (၂၃)ဦး ကို ကယ်တင်နိုင်ခဲ့ကြောင်း မနီလာမြို့ရှိ မြန်မာသံရုံးမှ သိရသည်။
၎င်းတို့အား မြန်မာနိုင်ငံသို့ အမြန်ဆုံးပြန်လည်ပို့ဆောင်ပေးနိုင်ရန်နှင့် ဒဏ်ကြေးငွေများ ကင်းလွတ်ခွင့်ရရှိရေးအတွက် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဖိလစ်ပိုင် အမျိုးသား ရဲတပ်ဖွဲ့၊ ဖိလစ်ပိုင် လူဝင်မှုကြီး ကြပ်ရေးဌာနတို့နှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်ဟု ဆိုသည်။
အွန်လိုင်းဂိမ်းလုပ်ငန်းဖျက်သိမ်းခံရခြင်းကြောင့် အခက်အခဲများကြုံတွေ့နေရသည့် အမျိုးသား (၆)ဦး နှင့် အမျိုးသမီး (၁၆)ဦး စုစုပေါင်း (၂၂)ဦးကို ဇူလိုင်လ(၈)ရက်ညပိုင်း၌ မြန်မာနိုင်ငံသို့ ပြန်လာရန် မနီလာမြို့ရှိ နီနွိုင်းအကွီနိုအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ မြန်မာသံရုံးက ပို့ဆောင်ပေးခဲ့သည်။
ထို့ပြင် ကျန်ရှိသည့်မြန်မာနိုင်ငံသား (၁)ဦးကိုလည်း လူဝင်မှုကြီးကြပ်ရေးကိစ္စများ ဆောင်ရွက်ပြီးစီးပါက မြန်မာနိုင်ငံသို့ ဆောလျင်စွာ ပြန်လည်ပို့ဆောင်ပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဖိလစ်ပိုင်နိုင်ငံ၏ လူမှောင်ခိုကူးမှုတိုက်ဖျက်ရေးစစ်ဆင်ရေးတရပ်တွင် မနီလာမြို့တော်ရှိ အဆောက်အအုံအချို့ကို ဇွန် ၂၆ ရက်နေ့က ရဲများ ဝင်ရောက်စီးနင်းခဲ့စဥ်အတွင်း လူ ၂၇၀၀ ကျော်ကို ဖမ်းဆီးခဲ့ရာ မြန်မာနိုင်ငံသားအပါအဝင် တရုတ်၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ စင်ကာပူ၊ မလေးရှား၊ ပါကစ္စတန်၊ ကင်မရွန်း၊ ဆူဒန်နှင့် ဖိလစ်ပိုင်နိုင်ငံသားများ ပါဝင်ခဲ့သည်ဟု AFP က သတင်းဖော်ပြခဲ့သည်။