ကောင်းဝါ- ၂၀၂၃ ဇူလိုင်(၉)
မော်လမြိုင်မြို့၊ မောင်ငံရပ်ကွက်၊ ကန်သုံးကန်ရပ်၊ တောင်ရိုးတန်းလမ်းရှိ လူမနေသည့် အဆောက်အဦးအနီးတွင် လွန်ခဲ့သည့်ညနေပိုင်း (ဇူလိုင် ၈ ရက်) က အသတ်ခံထားရသည့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းတွေ့ရှိခဲ့ရကြောင်း လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ များထံမှ သိရသည်။
အဆိုပါ အသတ်ခံထားရသည့် အမျိုးသားမှာ မော်လမြိုင်မြို့၊ မြိုင်သာယာရပ်ကွက်နေ အသက် (၃၅) နှစ်အရွယ် ကိုဆန်းမျိုးဦး ဆိုသူဖြစ်ကြောင်း လူမှုကူညီကယ်ဆယ်ရေး အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
၎င်းက ဆက်လက်ပြီး “သေဆုံးနေတဲ့ ရုပ်အလောင်းမှာက ဦးခေါင်းအလယ်တည့်တည့်မှာ ပေါက်ပြဲဒဏ်ရာ တွေ့ရတယ်။ မှောက်လျက်အနေအထားမျိုးသေဆုံးနေတာတွေ့ရတယ်” ဟု ပြောကြားသည်။
ကိုဆန်းမျိုးဦး၏ ရုပ်အလောင်းအား လူမှုကူညီကယ်ဆယ်ရေးအဖွဲ့က မော်လမြိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးထားကြောင်း နှင့် သက်ဆိုင်ရာကလည်း စစ်ဆေးဆောင်ရွက်မှုများလုပ်ဆောင်နေကြောင်း သတင်းရရှိသည်။