ရှမ်းပြည်ကိုးကန့်ဒေသမှ အွန်လိုင်းကျားဖြန့်လုပ်ငန်းကို အဓိကလုပ်ကိုင်ခဲ့သည့် ကိုးကန့်ခေါင်းဆောင်ဟောင်း ‘မြီ’ မိသားစုနှင့် ဆက်နွယ်သူ ၂၃ ဦးကို ရာဇဝတ်မှု ၁၁ မျိုးဖြင့် ဖေဖော်ဝါရီ ၁၄ ရက်မှ ၁၉ ရက်အထိ တရုတ်နိုင်ငံ Zhejiang ပြည်နယ်၊ Wenzhou တရားရုံးတွင် ရုံးတင်စစ်ဆေးခဲ့သည်။
၎င်းတို့အား အွန်လိုင်းငွေလိမ်လည်မှု၊ လူသတ်မှု၊ ပြည့်တန်ဆာလုပ်ငန်း၊ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုစသည့် ရာဇဝတ်မှုများဖြင့် စွဲချက်တင်ခဲ့ခြင်း ဖြစ်သည်။
တရုတ်အစိုးရရှေ့နေများက ‘မြီ’ မိသားစုဦးဆောင်သည့် ရာဇဝတ်ဂိုဏ်းသည် ၂၀၁၅ ခုနှစ်မှစတင်၍ စက်မှုဇုန်များ ဖွင့်လှစ်ကာ ရာဇဝတ်မှုများ ကျူးလွန်ခဲ့ကြောင်း၊ ဤအမှုနှင့်ပတ်သက်၍ တရုတ်နိုင်ငံသား ၁၄ ဦး အသတ်ခံခဲ့ရပြီး ၆ ဦး ဒဏ်ရာရရှိခဲ့ကာ တရုတ်ယွမ်ငွေ ဘီလီယံချီ၍ ဆုံးရှုံးခဲ့ရကြောင်း ဆိုသည်။
၂၀၂၃ နိုဝင်ဘာလတွင် ‘မြီ’ မိသားစုခေါင်းဆောင် မြီရှောက်ချန်း (Ming Xuechang) ကို တရုတ်ရဲများက ဖမ်းဆီးစဉ် မိမိကိုယ်ကို သေကြောင်းကြံစည်ခဲ့ပြီး မြီရှောက်ချန်း၏ သား မြီကော်ဖျင် (Ming Guoping)၊ သမီး မြီကျုလန် (Ming Julan)၊ မြေး မြီကျိန်းကျန်း (Ming Zhenzhen) တို့ကို ၂၀၂၃ နိုဝင်ဘာလ ၁၆ ရက်တွင် စစ်ကောင်စီက တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။
၂၀၂၄ ဇန်နဝါရီလ ၃၀ ရက်တွင် စစ်ကောင်စီသည် တရုတ်နိုင်ငံက ဖမ်းဝရမ်းထုတ်ထားသည့် ကိုးကန့်ပြည်သူ့စစ် ခေါင်းဆောင်ဟောင်း ပယ်ဆောက်ချိန်နှင့် သားဖြစ်သူ ပယ်ရင်ချန်၊ ကိုးကန့်ဒေသ (၁၀၀၆) နယ်ခြားစောင့်တပ်ရင်းဥက္ကဋ္ဌ ဝေဆန်း၊ ဖူလီလိုက်ကုမ္ပဏီမှ လျိုအာပေါင်နှင့် ရှုလောက်ဖာ အပါအဝင် အဓိကတရားခံ ၁၀ ဦးကိုလည်း နေပြည်တော်လေဆိပ်တွင် စစ်ကောင်စီက တရုတ်ထံ လွှဲပြောင်းပေးအပ်ခဲ့သည်။
တရုတ်နိုင်ငံ နယ်နိမိတ်ပြင်ပတွင် ဖြစ်ပွားခဲ့သော်လည်း၊ တရုတ်နိုင်ငံသားများ၏ အခွင့်အရေးများ ချိုးဖောက်ခံရခြင်းကြောင့် တရုတ်အာဏာပိုင်များက ဤအမှုကို စီရင်ပိုင်ခွင့်ရှိသည်ဟု တရုတ်အစိုးရရှေ့နေများက ပြောဆိုထားသည်။
Photo- JIMU News