ထိုင်းနိုင်ငံ ကန်ချနပူရီခရိုင်၊ စံခလပူရီမြို့နယ်၌ တရားမဝင် ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၁၄ ဦးကို တင်ဆောင်လာသောကားနှင့်အတူ ဖေဖော်ဝါရီ ၂၀ ရက်တွင် ထပ်မံဖမ်းဆီးမိခဲ့ပြန်သည်။
ဖမ်းဆီးခံရသူများတွင် အမျိုးသား ၁၀ ဦး၊ အမျိုးသမီး ၂ ဦး၊ အသက် ၁၄ နှစ်အရွယ် ယောက်ျားလေး ၁ ဦးနှင့် အသက် ၈ နှစ်အရွယ် မိန်းကလေး ၁ ဦး ပါဝင်ပြီး ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာခြင်းဖြစ်သည်ဟု ရဲစခန်း၌ ထွက်ဆိုသည်။
ကားမောင်းသူမှာ မြန်မာနိုင်ငံသား မင်းဇော်ဦး (၃၆ နှစ်) ဖြစ်ပြီး ထိုင်းနိုင်ငံ နခွန်ပထုံခရိုင်၊ ဘန်လင်းမြို့တွင် နေထိုင်သူဖြစ်ပြီး သူသည် မြန်မာနိုင်ငံ ဘုရားသုံးဆူဘက်မှ လူကြီးတစ်ဦးနှင့် ဆက်သွယ်ကာ မြန်မာနိုင်ငံသား ၁၄ ဦးအား ထိုင်းနိုင်ငံသို့ တရားမဝင် ခိုးဝင်ရောက်စေရန် ကူညီခဲ့ခြင်းဖြစ်သည်။
ထိုင်းရဲများက စံခလပူရီမြို့ လမ်းဆုံ၌ စစ်ဆေးရေးစခန်းဖွင့်လှစ်ထားပြီး မြန်မာနိုင်ငံသားများ သယ်ဆောင်လာသည့် ကားအား ရပ်တန့်စစ်ဆေးရန် ကားမောင်းသူက ရပ်တန့်ရန် ငြင်းဆန်ကာ ထွက်ပြေးခဲ့သဖြင့် နောက်ဆုံးတွင် ဖမ်းဆီးမိခဲ့သည်။
မင်းဇော်ဦးအား “တရားမဝင် ဝင်ရောက်လာသူများအား ခိုးဝင်ရောက်စေရန် ကူညီခြင်း” စသည့် စွဲချက်များဖြင့် အမှုဖွင့်ထားပြီး ဖမ်းဆီးခံရသူများအား ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာခြင်းဖြင့် အရေးယူခံရမည်ဖြစ်သည်။
ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသူများအား ထိုင်းဥပဒေအရ အရေးယူခြင်းဖြစ်သည့်အတွက် မြန်မာနိုင်ငံသားများ ထိုင်းနိုင်ငံသို့ တရားဝင် ဝင်ရောက်နိုင်ရန် လိုအပ်သော စာရွက်စာတမ်းများ ပြင်ဆင်ထားရန် အရေးကြီးသည်။
လက်ရှိတွင် စံခလပူရီရဲအချုပ်၌ တရားမဝင်မြန်မာနိုင်ငံသားများ ၂၀၀ ယောက်မနည်း ထိန်းသိမ်းခံထားရကြောင်း စုံစမ်းသိရှိရသည်။