ကျိုက်မရောမြို့နယ် ကွမ်ငန်းကျေးရွာအုပ်စု၊ ပေါက်တောကျေးရွာတွင် မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ဒေသခံတစ်ဦးသေဆုံးကာ (၄) ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ယမန်နေ့ ဖေဖေါ်ဝါရီလ (၁၉) ရက်နေ့ မွန်းလွဲပိုင်းက ထိုပေါက်တောကျေးရွာရှိ ရော်ဘာခြံအတွင်းနေထိုင်သော မိသားစုတစ်စုက မြေမြှုပ်မိုင်း (၂) လုံးကောက်ယူလာခဲ့ပြီးနောက် တစ်လုံးအား ထုခွဲကြည့်ရာမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
“မြေမြှုပ်မိုင်းက ပလပ်စတစ်နဲ့လုပ်ထားတဲ့ တင့်ဖျက်မိုင်းလို့ ပြောကြတယ်။ မိုင်းကို ထုခွဲကြည့်တဲ့ အမျိုးသားက ပွဲချင်းပြီးသေဆုံးသွားတယ်။ နောက်ထပ် အနီးမှာရှိနေကြတဲ့သူ အသက် (၃၀) နှစ်အရွယ် အမျိုးသားတစ်ဦး၊ အသက် (၃၅) နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ အသက် (၁၅) နှစ်အရွယ် ယောက်ျားလေးတစ်ဦး နဲ့ အသက် (၆) လအရွယ် ကလေးငယ်တစ်ဦး စုစုပေါင်း(၄) ဦးက ထိခိုက်ဒဏ်ရာတွေရရှိသွားကြပါတယ်” ဟု ၎င်းဒေသခံက ဆက်လက်ပြောကြားသည်။
ထိုပေါက်တောကျေးရွာဝန်းကျင်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ သွားလာလှုပ်ရှားမှုများရှိသလို၊ တော်လှန်ရေးအဖွဲ့များလည်း သွးလာလှုပ်ရှားမှုများရှိကြောင်းလည်း ၎င်းဒေသခံက ဆိုသည်။
မွန်ပြည်နယ် ကျိုက်မရောမြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပွားခဲ့ရာဒေသများအတွင်း မပေါက်ကွဲသေးသည့် စစ်ကျန်လက်နက်များအပြင်၊ မြေမြှုပ်မိုင်းကဲ့သို့ ပေါက်ကွဲစေတတ်သော ပစ္စည်းများစွာ ကျန်ရှိနေသည့်အတွက် ယင်းဒေသအတွင်း နေထိုင်ကြသည့် အရပ်သားပြည်သူများအနေဖြင့် စိန်ခေါ်မှုများစွာနှင့် ကြုံတွေ့နေရသည်။
အလားတူ ပြီးခဲ့သည့် ဇန်နဝါရီလ (၉) ရက်က အဆိုပါ မရမ်းကုန်းကျေးရွာနေ ဒေသခံလင်မယားနှစ်ဦးဖြစ်သူ ကိုချစ်မကုန် နှင့် ဇနီးဖြစ်သူတို့မှာ မရမ်းကုန်းကျေးရွာအနီးရှိ လယ်ကွင်းထဲသို့ မြေဩဇာကြဲပက်ပြီးနောက် သုံးဘီးဆိုင်ကယ်ဖြင့် ပြန်လာစဉ် မရမ်းကုန်းကျေးရွာ အဝင်လမ်းဝ၌ မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲမှုဖြစ်ပွားခဲ့ရာမှ ကိုချစ်မကုန်မှာ မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့ကာသေဆုံးခဲ့ပြီး၊ ၎င်း၏ဇနီးဖြစ်သူမှာလည်း မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့သည်။
Crd- MLA