ကောင်းဝါ- ၂၀၂၃ ဇူလိုင် (၈)
ကမ္ဘာမှာ ကိုဗစ် 19 ကပ်ရောဂါ ပြီးဆုံးသွားခြင်းမရှိသေးဘဲ XBB.1.16, XBB.1.9, XBB.2.3 ဗိုင်းရပ်စ်မျိုးကွဲတွေကို သတိထားစောင့်ကြည့်နေရဆဲလို့ ခုလဆန်းပိုင်းမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ထပ်မံအသိပေးထားပြန်ပါတယ်။
လက်ရှိ ကိုဗစ်-၁၉ ရောဂါဟာ ကမ္ဘာလုံးဆိုင်ရာ အများပြည်သူ ကျန်းမာရေးအရေးပေါ်အခြေအနေ မဟုတ်တော့ပေမယ့် ကပ်ရောဂါရဲ့ ခြိမ်းခြောက်မှုက ပြီးဆုံးသွားခြင်းမရှိသေးသလို နိုင်ငံအချို့မှာ COVID-19 လှိုင်းသစ်တွေ စတင်ဖြစ်ပွားလာတာရှိနေတာကြောင့် ကာကွယ်ဆေးထိုးနှံခြင်းနဲ့ ရောဂါကာကွယ်ရေးနည်းလမ်းတွေကို မြှင့်တင်ဆောင်ရွက်ဖို့ WHO သတိပေးပြောကြားထားပါတယ်။
မြန်မာအိမ်နီးချင်း တရုတ်နိုင်ငံမှာ ကိုဗစ်-၁၉ ကပ်ရောဂါဆိုင်ရာ ထိန်းချုပ်ကန့်သတ်မှုတွေ ရုပ်သိမ်းခဲ့ပြီးနောက်ပိုး တစ်လချင်းစီအလိုက် ကိုဗစ်ကြောင့် သေဆုံးမှုတွေ အနည်းငယ်မြင့်တက်ခဲ့တာ ဇွန်လအတွင်း ကိုဗစ်ကြောင့် လူ ၂၃၉ ဦးသေဆုံးခဲ့တယ်လို့ တရုတ်နိုင်ငံ ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်တားဆီးရေးစင်တာ (CCDC) က ဇူလိုင်လ ၆ ရက်က ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ပြီးခဲ့တဲ့ဧပြီလအတွင်းက မြန်မာ အပါအဝင် အာရှနိုင်ငံများမှာ ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်းပိုး အိုမီခရွန်မျိုးကွဲ XBB.1.16 ကူးစက်ဖြစ်ပွားမှု များပြားခဲ့ပါတယ်။
မျိုးရိုးဗီဇပြောင်း အိုမီခရွန်မျိုးကွဲ XBB.1.16 ဟာ ယခင်ကူးစက် ဖြစ်ပွားခဲ့တဲ့ XBB.1, XBB.1.5 တွေထက် ကူးစက်နှုန်း ၁ ဒသမ ၂၇ ဆအထိ ပိုမိုမြန်ဆန်ပေမယ့် ရောဂါလက္ခဏာများ ပိုမိုပြင်းထန်တာမရှိသလို ဆေးရုံတက်ရောက်ကုသခံရမှု၊ သေဆုံးမှုလည်း ပိုမိုမြင့်မားခြင်းမရှိပါ၊ သို့သော် အသက်အရွယ်ကြီးသူများ၊ ရောဂါအခံရှိသူများမှာတော့ ကူးစက်မှုနှုန်း ပိုမိုမြင့်မားတယ်လို့ သိရပါတယ်။
၂၀၁၉ ခုနှစ် နှောင်းပိုင်းမှစပြီး ကိုဗစ်-၁၉ ရောဂါဟာ ကမ္ဘာ့နိုင်ငံများကို ပျံ့နှံ့ရောက်ရှိခဲ့ပြီးတဲ့နောက် မျိုးရိုးဗီဇပြောင်းလဲမှုများစွာဖြစ်ပေါ်ခဲ့ပြီး ဆက်လက်လည်း ပြောင်းလဲဖြစ်ပေါ်နေမှာပဲလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ သိရပါတယ်။