စစ်ကောင်စီနှင့် တအာင်းတပ်ဖွဲ့ TNLA တို့ တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ညနေပိုင်းအထိ တွေ့ဆုံဆွေးနွေးခဲ့ရာ မအောင်မြင်ဘဲ ဆွေးနွေးပွဲအတွက် ပြန်လည်ပြင်ဆင်ပြီးပါက နောက်တစ်ကြိမ် ထပ်မံတွေ့ဆုံဦးမည်ဖြစ်ကြောင်း TNLA က ယနေ့တွင် ထုတ်ပြန်သည်။
တရုတ်အစိုးရ၏ ကြားဝင်စေ့စပ်မှုဖြင့် တအာင်း PSLF/TNLA နှင့် စစ်ကောင်စီ ကိုယ်စားလှယ်တို့သည် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်မှ ၁၇ ရက်နေ့အထိ တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ကူမင်းမြို့ရှိ ဟိုင်ဂင်ဟော်တယ်၌ တွေ့ဆုံဆွေးနွေးကြပြီး တရုတ်အစိုးရ အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျွင်း က ဦးဆောင်ဆွေးနွေးခဲ့သည်ဟု ဆိုသည်။
နှစ်ဖက်အပစ်ရပ်ရေးဆွေးနွေးပွဲတွင် ပလောင်တပ် TNLA က အချက် ၃ ချက် တောင်းဆိုခဲ့ရာ (၁) နှစ်ဖက်တပ် ရောက်ရှိသည့်နေရာတွင် ရပ်တန့် ထားပြီး အပစ်အခတ် ရပ်စဲရန်၊ (၂) နှစ်ဖက်စလုံး ထိုးစစ်များပြုလုပ်ခြင်း၊ ဒရုန်းဖြင့် တိုက်ခိုက်ခြင်း၊ လက်နက်ကြီးများ ပစ်ခတ် ခြင်း၊ လေယာဉ်ဗုံးကြဲချခြင်းအစရှိသည့် စစ်ရေးလှုပ်ရှားမှုများ အားလုံး ရပ်တန့်ရန် (၃)နှစ်ဖက် ထိန်းချုပ်နယ်မြေဒေသများတွင် ဒေသခံပြည်သူများ စားဝတ်နေရေးနှင့် ဆေးဝါးများ သယ်ဆောင်နိုင်ရန် အတွက် ဖြတ်သန်းသွားလာခွင့်ပြုရန် စသည့်အချက်များပါဝင်ကြောင်း TNLA ထုတ်ပြန်ချက်အရ သိရသည်။