နိုင်ငံခြားသား ၂၅% ပါဝင်နိုင်သော ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုဆိုင်ရာလုပ်ငန်း ဆောင်ရွက်နိုင်ရန် စစ်ကောင်စီက ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုဆိုင်ရာဥပဒေကို( နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၄/၂၀၂၅) ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ ပြဋ္ဌာန်းလိုက်ကြောင်း ဖေဖော်ဝါရီ ၁၈ ရက် ရက်စွဲဖြင့် ထုတ်ပြန်သည်။
ဥပဒေကို အခန်း(၁၃)ဖြင့် ပြဋ္ဌာန်းလိုက်ပြီး လိုင်စင်ရရှိသူသည် နိုင်ငံခြားကုမ္ပဏီဖြစ်ပါက ဝန်ထမ်းခန့်ထားရာတွင် မြန်မာနိုင်ငံသား ၇၅ ရာခိုင်နှုန်း ခန့်ထားရမည်ဖြစ်ကြောင်း ထည့်သွင်းပြဋ္ဌာန်းထားသည်။
ထို့အပြင် ပုဂ္ဂလိကလုံခြုံရေးဝန်ထမ်းခန့်ထားရာတွင် နိုင်ငံခြားသားဖြစ်ပါက ( ၁ ) အလုပ်သမားဝန်ကြီးဌာနက သတ်မှတ်ထားသော စည်းကမ်းချက်များနှင့် ကိုက်ညီသူ ဖြစ်ရမည်ဖြစ်ကြောင်း၊ ( ၂ ) ပြစ်မှုကင်းရှင်းကြောင်း သက်ဆိုင်ရာနိုင်ငံ၏ ထောက်ခံချက်ရရှိသူဖြစ်ရမည်ဖြစ်ကြောင်း၊ ( ၃ ) ပြည်ပနိုင်ငံတစ်ခုခု၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်မဟုတ်သူ ဖြစ်ရမည်ဖြစ်ကြောင်း၊ လိုင်စင်ရရှိသူသည် နိုင်ငံခြားကုမ္ပဏီဖြစ်ပါက ပုဂ္ဂလိကလုံခြုံရေးဝန်ထမ်းခန့်ထားရာတွင် မြန်မာနိုင်ငံသား အနည်းဆုံး ၇၅ ရာခိုင်နှုန်း ခန့်ထားရမည်ဖြစ်ကြောင်း ဥပဒေတွင် ပြဋ္ဌာန်းထားသည်။
ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုဆိုင်ရာ လိုင်စင်လျှောက်ထားရာတွင် လိုင်စင်လျှောက်ထားသူသည် (က)မြန်မာနိုင်ငံကုမ္ပဏီများဥပဒေနှင့်အညီ မှတ်ပုံတင်ထားသည့် ကုမ္ပဏီဖြစ်ရမည်၊ ( ခ ) နိုင်ငံခြားကုမ္ပဏီဖြစ်ပါက မြန်မာနိုင်ငံကုမ္ပဏီများဥပဒေနှင့်အညီ မှတ်ပုံတင်ခွင့်ရရှိပြီး ဖြစ်ရမည်၊ ( ဂ ) နိုင်ငံတော်၏ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကို ပျက်ပြားစေသည့် ကျော်စောသတင်း ရှိသောကုမ္ပဏီ မဖြစ်စေရ၊ (ဃ) ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်နေစဉ်အတွင်း လုပ်ငန်းအာမခံအဖြစ် မြန်မာ့စီးပွားရေးဘဏ်၌ အနည်းဆုံး ငွေကျပ် သိန်းတစ်ထောင်၊ နိုင်ငံခြားကုမ္ပဏီဖြစ်ပါက ငွေကျပ် သိန်းတစ်ထောင်နှင့်ညီမျှသည့် နိုင်ငံခြားသုံးငွေကို စာရင်းသေအပ်ငွေအဖြစ် အပ်နှံထားရှိရမည် စသည့် အချက်များလည်း ထည့်သွင်းထားသည်။
ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုပေးရန်မဟုတ်ဘဲ ကိုယ်ပိုင်လုပ်ငန်း သို့မဟုတ် လုပ်ငန်းခွဲအတွက် စုစုပေါင်း ၁၀ ဦးထက်ပိုသော လုံခြုံရေးဝန်ထမ်းခန့်ထားလိုသူသည် အချက်အလက်များဖော်ပြ၍ သက်ဆိုင်ရာကြီးကြပ်ကွပ်ကဲရေးကော်မတီသို့ ခွင့်ပြုမိန့်လျှောက်ထားရမည်ဖြစ်ကြောင်း၊ ခွင့်ပြုမိန့်၏ သက်တမ်းသည် ခွင့်ပြုမိန့်ထုတ်ပေးသည့်နေ့ရက်မှစ၍ သုံးနှစ်ဖြစ်ကြောင်း ဥပဒေတွင် ပြဋ္ဌာန်းထားသည်။
ထို့အပြင် ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်လျက်ရှိသူသည် ဤဥပဒေပြဋ္ဌာန်းသည့်နေ့မှ ခြောက်လအတွင်း သတ်မှတ်ချက်များနှင့်အညီ လိုင်စင်လျှောက်ထားရမည်ဖြစ်ကြောင်း၊ ဤဥပဒေမပြဋ္ဌာန်းမီက ကိုယ်ပိုင်လုပ်ငန်း သို့မဟုတ် လုပ်ငန်းခွဲအတွက် ၁၀ ဦးထက် ပိုသော ပုဂ္ဂလိကလုံခြုံရေးဝန်ထမ်းခန့်ထားသူသည် ဤဥပဒေပြဋ္ဌာန်းသည့်နေ့မှစ၍ ခြောက်လအတွင်း သတ်မှတ်ချက်များနှင့်အညီ ခွင့်ပြုမိန့်လျှောက်ထားရမည်ဖြစ်ကြောင်း၊ ဤဥပဒေပါ ပြစ်မှုများကို ရဲအရေးယူပိုင်ခွင့်ရှိသော ပြစ်မှုများအဖြစ်သတ်မှတ်ကြောင်းလည်း ဥပဒေတွင် ပြဋ္ဌာန်းထားသည်။