ကောင်းဝါ- ၂၀၂၃ ဇူလိုင် (၈)
စစ်ကောင်စီတပ်မှ KNU – ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ မူးသထူခရိုင် တပ်မဟာ (၁)သထုံမြို့နယ် ရွှေရောင်ပြကျေးရွာအတွင်းသို့ ဇူလိုင်လ (၇) ရက် နံနက်ပိုင်း လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဒေသခံ (၆) ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် (၃) လုံး ပျက်ဆီးခဲ့ကြောင်း KNU (ဗဟို) က သတင်းထုတ်ပြန်သည်။
ယမန့်က နံနက် (၁၁) နာရီဝန်းကျင်အချိန်ခန့်က စစ်ကောင်စီလက်အောက်ခံ အမတ – ၃၁၄ တပ်ရင်းမှ လက်နက်ကြီး (၃) လုံးပစ်ခတ်ခဲ့ရာ လက်နက်ကြီးတစ်လုံးမှာ ရွှေရောင်ပြကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် နော်မုလားဖေ့၊ နော်ဆုဟီး၊ စောမောင်ပေ့ ဆိုသူတို့၏ နေအိမ် (၃) လုံးထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ထို့အပြင် နော်မုလားဖေ တွင် ညာဘက်ခြေသလုံး၊ နော်မိထူး တွင် ကျောကုန်း၊ နော်တင်အေး တွင် တင်ပါး၊ စောကူ တွင် ညလေက်မောင်း၊ စောစင်မင်းဦး တွင် ခြေသလုံး နှင့် လည်ပင်း၊ နော်သင်္ကြန်ဖောတွင် နားထင် စသည်ဖြင့် အသီးသီး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
“လက်နက်ကြီးကျည်က အိမ်နေတွေရဲ့အလယ်ကိုကျပြီး ပေါက်ကွဲခဲ့တာပါ။ ဒဏ်ရာရသွားတဲ့သူတွေက အိမ်ထဲမှာဘဲရှိနေရင်းနဲ့ လက်နက်ကြီးကျည်စထိမှန်ဒဏ်ရာရရှိတာပါ” ဟု ဒေသခံတစ်ဦး ပြောကြားသည်။
စစ်ကောင်စီလက်အောက်ခံ အမတ – ၃၁၄ တပ်ရင်းမှာ KNU – ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ မူးသထူခရိုင် တပ်မဟာ (၁) သထုံမြို့နယ်၊ ရွှေရောင်ပြကျေးနယ်၊ ဇီးဝန်းကျေးရွာအနောက်ဘက်တွင် တပ်စွဲထားကြောင်း ကေအဲန်ယူ (ဗဟို) မှ သတင်းထုတ်ပြန်ချက်အရ သိရသည်။