ထိုင်း – မြန်မာနယ်စပ် မြဝတီဒေသအတွင်းရှိ ကျားဖြန့်ခေါ်အွန်လိုင်းငွေလိမ်လုပ်ငန်းများ ပပျောက်သွားသည်အထိ နှိမ်နင်းရှင်းလင်းသွားမည်ဖြစ်ကြောင်း နယ်ခြားစောင့်တပ် (ကရင်ပြည်နယ်) BGF အထွေထွေအတွင်းရေးမှူးဖြစ်သူ ဗိုလ်မှူးကြီးစောချစ်သူက ပြောကြားသည်။
ယမန်နေ့ ဖေဖေါ်ဝါရီလ (၁၇) ရက်နေ့က မြဝတီမြို့၊ အမှတ် (၅) ရပ်ကွက်ရှိ အောင်ဇမ္ဗူလင်း ဟော်တယ်၌ ပြုလုပ်ခဲ့သည့် ထိုင်း – မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီဒေသအတွင်းရှိ ရွှေကုက္ကိုလ်မြို့သစ်အပါအဝင် နယ်စပ်တလျှောက်တွင် Hotline ဖြစ်နေသော ကျားဖြန့်ခေါ် အွန်လိုင်းငွေလိမ်လုပ်ငန်း နှင့် လူကုန်ကူးမှုလုပ်ငန်းများနှင့် ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲတွင် ၄င်းက ပြောကြားခဲ့သည်။
လူမှောင်ခိုကူးမှုများနှင့် ပတ်သက်ပြီး လွန်ခဲ့သည့် (၂) နှစ်ခန့်လောက် ကတည်းက တရုတ်၊ အိန္ဒိယ၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီယား၊ လာအို၊ ဂျပန်၊ ထိုင်း၊ မလေးရှားအစရှိသောနိုင်ငံများမှ သံရုံးများနှင့် ပူးပေါင်းကာ လူပေါင်း တစ်ထောင်ကျော်၊ နှစ်ထောင်ကျော်အား ကူညီလွှဲပြောင်းပို့ဆောင်ပေးခဲ့ကြောင်း ဗိုလ်မှူးကြီးစောချစ်သူက ပြောကြားခဲ့သည်။
၎င်းကဆက်လက်ပြီး “ကျနော်မှာ စာရင်းဇယားမှတ်တမ်းမှတ်ရာတွေရှိပါတယ်။ ဒီလူမှောင်ခိုဆိုတာတွေကိုလည်း ကျနော်တို့ လက်မခံပါဘူး။ လူမှောင်ခိုညှင်းပမ်းနှိပ်စက်မှုနဲ့ ပတ်သက်တာကို လုံးဝလက်မခံပါဘူး။ ကျနော်တို့ ပြန်လည်ဖမ်းဆီးပို့ဆောင်ခဲ့တာလည်း လက်ရှိ ထိုင်းစစ်တပ်မှ တာဝန်ထမ်းဆောင်နေသူတွေလည်း အသိ ဖြစ်ပါတယ်။ အခုသတင်းစပြီးတော့ ကြီးထွားလာတာကလည်း တရုတ်နိုင်ငံရဲ့ ရုပ်ရှင်မင်းသားလေးကိစ္စပေါ့။ ရုပ်ရှင်မင်းသားလေးဆိုတော့ BGF တပ်ဖွဲ့ စည်းကမ်းထိန်းသိမ်းရေးရုံးအဖွဲ့က ဖလူးနား မှာ ကျတော်တို့သွားကယ်ထုတ်လာခဲ့တယ်။ ဒါပေမယ့် ကယ်ထုတ်လာတဲ့ လူမှောင်ခိုရောင်းစားတဲ့လူတွေရော ညှင်းပန်းခံရတဲ့ လူတွေရော၊ ကယ်တင်ခဲ့တဲ့အရာကိုရော၊ လုံးဝမဖေါ်ပြခဲ့ပါဘူး။ တစ်ခါမှာလည်း မဖေါ်ပြခဲ့ပါဘူး။ ကျနော်တို့က ချက်ချင်းဆိုသလို ထိုင်းနိုင်ငံကို လွှဲပြောင်းပေးခဲ့တာပါဘဲ။ ဒါကို ထိုင်းစစ်တပ်မှာရော၊ ထိုင်းရဲတပ်ဖွဲ့မှာပါ အထောက်အထားတွေရှိသလို၊ ကျနော်တို့မှာလည်း လွှဲပြောင်းတဲ့နေ့ရော၊ လူဦးရေရော၊ ဘယ်နိုင်ငံသားဆိုတာရော၊ မှတ်တမ်းအပြည့်အစုံ သက်သေအထောက်အထားရှိပါတယ်” ဟု ဗိုလ်မှူးကြီးစောချစ်သူ က ပြောကြားခဲ့သည်။
၎င်းအပြင် ခေါင်းဆောင်ပိုင်းမှ ဖမ်းမိထားသူ (၇) ဦး၊ (၈) ဦးရှိပြီး ၎င်းတို့အား တာဝန်ရှိသူများထံ သေသေချာချာလွှဲပြောင်းပေးသွားမှာဖြစ်ကြောင်းလည်း ဗိုလ်မှူးကြီးစောချစ်သူက ဆိုသည်။
“ထိုင်းနိုင်ငံကို ကျနော်ဘာများ ပြစ်မှုကျူးလွန်တာရှိလဲ။ ထိုင်းနိုင်ငံကို ကျနော်ဘာများ ပုန်ကန်တောရှိလို့လဲဆိုတာ မေးချင်တယ်။ (၁၉၉၄) ခုနှစ်ကတည်းက ဒီနယ်စပ်မှာ နေလာတာ။ ထိုင်းနဲ့ မြန်မာ ဆိုတာမြစ်တစ်ခုတည်းခြားတယ်။ ညီအစ်ကိုတွေလို နေလာတာပါ” ဟု ၄င်းက ပြောကြားခဲ့သည်။
လက်ရှိတွင်လည်း BGF ခေါင်းဆောင်ဖြစ်သူ ဗိုလ်မှူးကြီးစောချစ်သူ အပါအဝင် BGF ခေါင်းဆောင်ပိုင်းတချို့အား ထိုင်းနိုင်ငံဘက်မှ ဖမ်းဝရမ်းထုတ်ရန် စီစဉ်နေကြကြောင်းလည်း ထိုင်းနိုင်ငံဘက်မှလာသည့် သတင်းများအရ သိရသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန လက်ထောက် နိုင်ငံခြားရေးဝန်ကြီး လျှိုကျုံးရီ၊ စစ်ကောင်စီမှ ကိုယ်စားလှယ်အဖြစ် ပြည်ထဲရေးဝန်ကြီးဌာန ဒုဝန်ကြီးဗိုလ်ချုပ်အောင်ကျော် နှင့် ထိုင်းအမျိုးသား ကာကွယ်ရေး ဝန်ကြီးဌာနအထွေထွေအတွင်းရေးမှူးတို့ မြဝတီမြို့ရှိ ကျားဖြန့်ခေါ်အွန်လိုင်းငွေလိမ်လုပ်ငန်းများမှ လူကုန်ကူးခံရသူများ ပြန်ပို့မည့် အစီစအဉ်နှင့်ပတ်သက်ပြီး BGF ခေါင်းဆောင်တချို့နှင့်လည်း ဖေဖေါ်ဝါရီလ (၁၇) ရက်နေ့က ရွှေကုက္ကိုတွင် တွေ့ဆုံဆွေးနွေးခဲ့သေးကြောင်း သိရသည်။

