မြန်မာစစ်ကောင်စီနှင့် TNLA တအာင်းအဖွဲ့အကြား အပစ်ရပ်စဲရေးအတွက် ဖေဖေါ်ဝါရီ (၁၆- ၁၇) ရက်က တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းဆွေးနွေးပွဲကျင်းပခဲ့ရာတွင် ပလောင်ပြည်နယ်အား နောင်တက်လာမည့်အရပ်သားအစိုးရထံ တောင်းဆိုသွားရန် စစ်ကောင်စီပြောကြားခဲ့သည်ဟု ဆိုကြောင်း မြောက်ပိုင်းဒေသ တော်လှန်ရေးသတင်းအရင်းမြစ်များမှ သိရသည်။
ပလောင်ပြည်နယ် တောင်းဆိုလိုပါက အနာဂတ် ပေါ်ပေါက်လာမည့် အရပ်သား အစိုးရ ပြည်ထောင်လွှတ်တော်ထံ ဥပဒေနှင့်အညီ တင်ပြအဆိုပြုနိုင်ကြောင်း စစ်ကောင်စီကိုယ်စားလှယ်က ခပ်တင်းတင်းပြောဆိုခဲ့သည်ဟု မြောက်ပိုင်းဒေသ ငြိမ်းချမ်းရေးစောင့်ကြည့်လေ့လာသူတစ်ဦးက ပြောသည်။
“PSLF/TNLA ပလောင်တပ်ဖွဲ့ တင်ပြ တောင်းဆိုဆွေးနွေးတဲ့ အဆိုပြုချက် အားလုံး စစ်ကောင်စီဘက်ကနေ ဘာတခုမှ လိုက်လျော အလျှော့ပေးခဲ့တာမရှိဘဲ ၂၀၀၈ ခြေဥပြဌာန်းချက်အတိုင်း ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်နဲ့ မန်တုံမြို့ နှစ်ခုသာ ရှိမြဲရှိနေ၍ နိုင်ငံတော်အစိုးရ တရားဝင် ကျေညာထားသော (အကြမ်းဖက်အဖွဲ့) PSLF/TNLA အနေနဲ့ လက်နက်ကိုင်လမ်းစဥ်အပြီးအပိုင် စွန့်လွှတ်ခြင်းမှတပါး တခြား တောင်းဆိုခွင့်မရှိဘူးလို့ စစ်ကောင်စီ ကိုယ်စားလှယ်က ပြောခဲ့တယ်”
ထို့အတူ ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် သဘောတူညီချက်ရရှိထားသော စစ်ကောင်စီဘက်မှ အပေါ်စီးက ဆွေးနွေးသည့်သဘောဆောင်ကြောင်း PSLF/TNLA အတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်၏ ဖေ့စ်ဘွတ် စာမျက်နှာက ရေးသားခဲ့သည်။
‘’MNDAA နဲ့ သဘောတူညီချက် ရပြီးပြီ ဆိုတော့ နစကဟာ အပေါ်စီး ကနေ ဆွေးနွေးမဲ့ သဘောဆောင်ပါတယ်၊ အောက်ခြေ မှာလည်း တောင်ခမ်း၊ နောင်ချို၊ သပိတ်ကျင်းဘက် ထိုးစစ်တွေ ပိုတိုးလာတယ်” ဟု ဗိုလ်ချုပ် တားဘုန်းကျော်က ဆိုထားသည်။
မြန်မာပြည်တွင်းစစ်တွင် တရုတ်က စီစဉ်သည့်ဆွေးနွေးပွဲဖြစ်ပြီး အရင်းနှီးက နေ့စဉ်နှင့်အမျှ ကြီးမားနေဆဲ ဖြစ်ကြောင်း၊ နောင်ချို၊ ကျောက်မဲ၊ မိုးကုတ်၊ မိုးမိတ် ကောင်းကင်ယံပေါ်မှ စစ်ကောင်စီ SU-30၊ ဂျက်ဖိုက်တာ၊ Y-8/ Y-12 တောက်လျှောက် ပျံသန်းပြီး ဗုံးသီးများ ချချင်သလို ဖောဖောသီသီချနေကြောင်း ၄င်းက ဆက်လက်ရေးသားထားသည်။
ထို့အတူ ရွှေဖီမြေသတင်းအေဂျင်စီမှ မိုင်းအနိုင်က “တရုတ်ဆွေးနွေးပွဲက အခြေနေ ကောင်းပုံမပေါ်ဘူး နေရာအချို့မှာ လေကြောင်းကနေ ဗုံးကြဲပြီး ဖိအားစပေးနေပါတယ်၊ အားလုံး အားလုံး သတိဝီရိယ ရှိကြပါ” ဟု ၄င်း၏ဖေ့ဘွတ်မှ သတိပေးထားသည်။
PSLF/TNLA ပလောင်တပ်ဖွဲ့ အထူးကိုယ်စားလှယ်က နမ့်ဆန်၊ မန်တုံ၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ နမ့်တူ၊ မိုးမိတ်၊ မိုးကုတ်၊ သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ မိုင်းလုံ၊ မိုင်းငေါ့၊ မိုင်းရယ်၊ တန့်ယန်း၊ မူဆယ်နှင့် မဘိမ်းမြို့ (၁၆) မြို့ကို မြူနီစပယ်မြို့နယ်အဆင့် (၁၄) မြို့၊ မြို့နယ်ခွဲအဆင့် (၂) မြို့အား စုစည်းပြီး ပလောင်ပြည်နယ်အဖြစ် အသိအမှတ်ပြုပေးရန် စစ်ကောင်စီအစိုးရထံ အဆိုပြု ဆွေးနွေး တင်ပြခဲ့ကြောင်း သိရသည်။
ထို့အတူ အပြန်အလှန်အားဖြင့် PSLF/TNLA ပလောင်တပ်ဖွဲက တိုက်ပွဲအတွင်း ဖမ်းမိထားသော မြန်မာစစ်တပ် စစ်သုံ့ပန်းများအား ခြွင်းချက်မရှိ ပြန်လည် လွှတ်ပေးမည်ဖြစ်ကြောင်း၊ ပြည်ထောင်စု မြန်မာနိုင်ငံတော် အချုပ်အခြာ အာဏာပိုင်နက်ထဲ၌ ထာဝရ တည်ရှိနေပါ၍ မည်သည့်အခါမှ ခွဲထွက်မည် မဟုတ်ကြောင်း၊ နိုင်ငံတော် အစိုးရနှင့် လက်တွဲ ပူးပေါင်း၍ ငြိမ်းချမ်းရေးကို ထိန်းသိမ်းမည်ဟု ဂတိပြုပါကြောင်း PSLF/TNLA ပလောင်တပ်ဖွဲ့ အထူး ကိုယ်စားလှယ် တင်ပြခဲ့သည်ဟု ဆိုသည်။
တရုတ်အစိုးရ၏ ကြားဝင်စေ့စပ်မှုဖြင့် တအာင်းပလောင်တပ်မတော်- PSLF/TNLA နှင့် စစ်ကောင်စီတို့ ကူမင်းမြို့၌ အပစ်ရပ်ရေးဆွေးနွေးခဲ့ရာတွင် PSLF/TNLA ဒုဥက္ကဌ ဒုဗိုလ်ချုပ်ကြီး တားဂျုတ်ဂျားနှင့် မဟာမိတ် ဆက်ဆံရေးဌာနမှူး ဗိုလ်မှူးကြီး တာမိုးဟိန်းတို့ ဦးဆောင်သော ကိုယ်စားလှယ် ၉ ဦးအဖွဲ့နှင့် စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့ကို ဒုဗိုလ်ချုပ်ကြီး ကိုကိုဦး ဦးဆောင်ကြောင်း သိရသည်။
Crd- ကူမင်းဆွေးနွေးပွဲပုံဟောင်း

