ကောင်းဝါ- ၂၀၂၃ ဇူလိုင် (၈)
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့ရှိ လျှပ်စစ်ဓါတ်အားခွဲရုံ မှာ ဇူလိုင်လ (၇) ရက် နံနက်ပိုင်းက မိုင်းထောက်ဖောက်ခွဲဖျက်ဆီးခံခဲ့ရကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။
အဆိုပါ လျှပ်စစ်ဓါတ်အားခွဲရုံမှာ ကြာအင်းဆိပ်ကြီး – ချောင်းနှစ်ခွကားလမ်းဘေး (ကြာအင်းဆိပ်ကြီးမြို့အဝင်) တွင်တည်ရှိကြောင်း နှင့် ယမန်နေ့ နံနက် (၉) နာရီအချိန်ခန့်က မိုင်းဖြင့် ဖေါက်ခွဲဖျက်ဆီးခံခဲ့ရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
“မနေ့မနက်ပိုင်းက လက်နက်ကိုင်တွေရောက်လာပြီး လျှပ်စစ်ရုံးအဆောက်အဦး နဲ့ ထရန်စဖော်မာတွေကို မိုင်းထောင်ပြီး ဖောက်ခွဲခဲ့တာလို့ သိရတယ်။ ဝန်ထမ်းတွေကိုတော့ ဘာမှမလုပ်သွားဘူး။ ဖုန်းတွေသိမ်းသွားတယ်လို့ တော့ ကြားရတယ်” ဟု ၎င်းဒေသခံက ဆက်လက်ပြောကြားသည်။
မိုင်းထောင်ဖောက်ခွဲခံရသည့်အတွက် ကြာအင်းဆိပ်ကြီးမြို့ လျှပ်စစ်ဓါတ်အားခွဲရုံရှိ 66/11 KV (10mba) နှင့် 66/33KV (30mba) ထရန်စဖော်မာ (၂) လုံး၊ Control Room Panel များအားလုံးပျက်ဆီးခဲ့ကြောင်း၊ ထို့အပြင် အလျား (၄၀) ပေ အနံ (၂၅) ပေရှိ သွပ်မိုး/ အုတ်ကာ ထိန်းချုပ်အဆောက်အဦးရှိ အမိုးသွပ်များ၊ မျက်နှာကျက်များ၊ ပြတင်ပေါက်များအားလုံး နှင့်အဆောက်အဦးအတွင်းရှိ ထိန်းချုပ်ပစ္စည်းများအားလုံး ပျက်ဆီးခဲ့ကြောင်း သက်ဆိုင်ရာဌာနထံမှ သိရသည်။