KNU တပ်မဟာ(၁) နယ်မြေအတွင်း တော်လှန်ရေးအဖွဲ့များမှအစည်းအဝေးပြုလုပ်နေစဥ် စစ်ကောင်စီ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ရာတွင် ထိခိုက်သေဆုံးမှုရှိခဲ့ပြီး စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်း အဆောက်အအုံများ ပျက်စီးခဲ့ကြောင်း KNU (ဗဟို) မှ သတင်းထုတ်ပြန်ခဲ့သည်။
ပြီးခဲ့သည့် ဖေဖေါ်ဝါရီ (၁၃) ရက်နေ့ နံန်က် (၁၀) နာရီအချိန်ခန့်က မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ပျဉ်းကတိုးကုန်းကျေးရွာ၊ ပိန္နဲကုန်းကျေးရွာရှိ စာသင်ကျောင်းအတွင်း တော်လှန်ရေးအဖွဲ့များမှ အစည်းအဝေးပြုလုပ်နေစဉ် စစ်ကောင်စီမှ လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက်ကြောင့် စာသင်ကျောင်းထိခိုက်ပျက်စီးသည့်အပြင်၊ စာသင်ကျောင်းအနီးရှိ ဘုန်းကြီးကျောင်းနှင့် လူနေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့ရပြီး တော်လှန်ရေးရဲဘော် (၃) ဦးသေဆုံးခဲ့ကာ၊ (၁၀) ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများနှင့် တော်လှန်ရေးအဖွဲ့အစည်းများထံမှ သိရသည်။
“ကျိုက်ထိုမြို့နယ် ပိန္နဲကုန်းကျေးရွာရှိတဲ့ စာသင်ကျောင်းမှာ KNU တပ်မဟာ (၁) လက်အောက်ခံ တော်လှန်ရေးအင်အားစုတွေနဲ့ မွန်ပြည်နယ်၊ ရန်ကုန် နဲ့ ပဲခူးတိုင်းအခြေစိုက် တော်လှန်ရေးအင်အားစုတွေ အစည်းအဝေးလုပ်နေတဲ့အချိန်မှာ စစ်တပ်က လေယောဉ်နဲ့ ဗုံးကြဲသွားတာပါ။ ဒိုက်ဦး ပကဖ အဖွဲ့ဝင် (၁) ဦး၊ ခရမ်း ပကဖ အဖွဲ့ဝင် (၂) ဦး ဗုံးစထိမှန်ပြီး ကျဆုံးခဲ့ပါတယ်။ အဲ့ဒီအပြင်ကို တော်လှန်ရေးရဲဘော်တချို့လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြပါတယ်” ဟု တော်လှန်ရေးအဖွဲ့အစည်းနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။
ထို့အတူ ယင်းဖေဖေါ်ဝါရီလ (၁၃) ရက်နေ့ မွန်းတည့် (၁၂) နာရီတွင် (၁) ကြိမ်၊ ညနေ (၄) နာရီ (၁၀) မိနစ်အခန့်တွင် (၁) ကြိမ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ ကော်ကပ်ကျေးရွာရှိ စာသင်ကျောင်း အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့သည်။
ထို့အပြင် ယင်းနေ့ မှာပင် ကျိုက်ထိုမြို့နယ် ကော်ကပ်ကျေးရွာ၊ ပိန္နဲကုန်းကျေးရွာ၊ ဘီးလင်းမြို့နယ် တဂေးလောင်းချောင်းဖျာကျေးရွာများအတွင်းသို့ စစ်ကောင်စီမှ လေကြောင်းက ပေါင် (၅၀၀) ဗုံးများကြဲချတိုက်ခိုက်မှုများကြောင့် နေအိမ်များထိခိုက်ပျက်ဆီးသည့်အပြင် စာသင်ကျောင်းများ၊ ခရစ်ယာန်ဘုရားကျောင်း၊ ဘုန်းကြီးကျောင်း နှင့် စေတီပုထိုးများ ထိခိုက်ပျက်ဆီးမှုများရှိခဲ့ကြောင်းလည်း KNU (ဗဟို) မှ ထုတ်ပြန်ထားသည်။
သို့ရာတွင် KNU သတင်းထုတ်ပြန်သည့်အပေါ် စစ်ကောင်စီဘက်က ရေးသားတုန့်ပြန်ခဲ့ခြင်း မရှိသေးပေ။








