ကောင်းဝါ- ၂၀၂၃ ဇူလိုင် (၈)
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ် သဲကုန်းကျေးရွာ ကျောက်ကြီး – နတ်သံကွင်း လမ်းပေါ်ရှိ ပေါက်သဲကုန်းတံတားအား ဇူလိုင်လ (၇) ရက် နံနက်ပိုင်းက KNU/KNLA/PDF ပူးပေါင်းတပ်ဖွဲ့များက မိုင်းဖြင့်ဖေါက်ခွဲဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ယမန်နေ့နံနက် (၆) နာရီအချိန်ခန့်က ပေါက်ကွဲသံကြားရကြောင်း နှင့် နောက်မှသဲကုန်းကျေးရွာအနီးရှိ ပေါက်သဲကုန်းတံတား မိုင်းခွဲဖျက်ဆီးခံခဲ့ခြင်းဖြစ်ကြောင်းကို သိရကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
၎င်းကဆက်လက်ပြီး “တံတားကိုတော့ ဆိုင်ကယ်တွေသွားလာလို့ရအောင်ဒေသခံတွေက ယာယီပြုပြင်ထားကြတယ်။ ကျောက်ကြီး – နတ်သံကွင်းလမ်းမှာတော့ တံတား (၅) စင်းထက်မနည်း မိုင်းခွဲဖျက်ဆီးခံထားရပါတယ်” ဟု ပြောကြားသည်။
ကျောက်ကြီး – နတ်သံကွင်းလမ်းရှိ ကျောက်ကြီးမြို့အဝင် အင်းသဘောက်တံတားအား ပြီးခဲ့သည့် မေလ (၂၃) ရက်က တစ်ကြိမ်၊ မေလ (၃၀) ရက်က တစ်ကြိမ် မိုင်းဖြင့်ဖေါက်ခွဲဖျက်ဆီးခံခဲ့ရကြောင်း၊ စစ်တောင်းမြစ်ကူးတံတား (နတ်သံကွင်း) အား ဇွန်လ (၆) ရက်နေ့ကလည်းကောင်း၊ ကျောက်ကြီး – နတ်သံကွင်းလမ်းပေါ်ရှိ တံတားအတိုနှစ်စင်း အား ဇွန်လ (၂၄) ရက်လည်းကောင်း မိုင်းဖြင့်ဖေါက်ခွဲဖျက်ဆီးခံခဲ့ရကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။
အဆိုပါ ကျောက်ကြီး – နတ်သံကွင်းလမ်းပေါ်ရှိ တံတားအများသည် စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးခြင်းနှင့် ရိက္ခာသယ်ယူခြင်းများအတွက် အသုံးပြုနေသည့်အတွက် မိုင်းဖြင့်ဖောက်ခွဲဖျက်ဆီးပစ်ရခြင်းဖြစ်ကြောင်း KNU မှ သတင်းထုတ်ပြန်ထားသည်။