မွန်လူမျိုးများ၏ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် အခွင့်အရေးကို မွန်လူမျိုးများတိုက်ပွဲဝင်မှသာ ရရှိနိုင်မည်ဖြစ်ပြီး၊ ထိုသို့ တိုက်ပွဲဝင်ရာတွင် မွန်တစ်မျိုးသားလုံး ပူးပေါင်းပါဝင်နိုင်မှသာ အောင်ပွဲကို အမြန်ဆွတ်ခူးနိုင်မည်ဟု အပြည့်အဝယုံကြည်ကြောင်း ယမန်နေ့ ဖေဖေါ်ဝါရီလ (၁၃) ရက်နေ့က ကျရောက်ခဲ့သည့် (၇၈) ကြိမ်မြောက် မွန်အမျိုးသားနေ့က ထုတ်ပြန်ခဲ့သည့် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP – AD ၏ ထုတ်ပြန်ချက်တွင် ဖေါ်ပြထားချက်အရ သိရသည်။
သက္ကရာဇ် ၁၃၈၆ ခု၊ တပို့တွဲလပြည့်ကျော် (၁) ရက်နေ့သည် (၇၈) ကြိမ်မြောက် မွန်အမျိုးသားနေ့ဖြစ်ကြောင်း၊ သသနာသက္ကရာဇ် ၁၁၁၆ ခု မွန်ဘုရာ သမလ၊ ဝိမလ ညီနောင်နှစ်ပါး ဟံသာဝတီမွန်နိုင်ငံတော်ကို တည်ထောင်ခဲ့သည့်နေ့ကို မွန်အမျိုးသားနေ့အဖြစ်သတ်မှတ်ပြီး မွန်အမျိုးသားနေ့ရောက်တိုင်း ပြည်တွင်းပြည်ပနေရာဒေသအသီးသီးရှိ မွန်လူမျိုးများသည် မွန်အမျိုးသားအလံတော်အောက်တွင် စုစည်းညီညွတ်စွာ မွန်တို့၏ဇာတိသွေး၊ ဇာတိမာန်များကို ပြသကြသည့်အပေါ် လွန်စွာဂုဏ်ယူပါကြောင်း၊ မွန်အမျိုးသားနေ့အခမ်းအနားတွင် တစ်မျိုးသားလုံးနှင့် ဆိုင်သည့်ကိစ္စရပ်များ ဆွေးနွေးတင်ပြခြင်း၊ နှိုးဆော်တိုက်တွန်းခြင်းများ ပြုလုပ်ကြသည့်နေ့ဖြစ်သောကြေင့် မွန်အမျိုးသားနေ့သည် မွန်လူမျိုးတို့၏ နေ့ထူးနေ့မြတ်ဖြစ်ပါကြောင်း NMSP – AD ၏ ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။
မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP – AD သည် မွန်အမျိုးသားလွတ်မြောက်ရေးအတွက် သနိ္နဌာနချပြီး လက်နက်ကိုင်တိုက်ပွဲဝင်လျှက်ရှီကြောင်း၊ ယနေ့ နိုင်ငံအခြေအနေသည် တိုင်းရင်းသားပြည်သူများတစ်ရပ်လုံး၏ ဘုံရန်သူစစ်အာဏာရှင်က နိုင်ငံတော်အာဏာကကို အကြမ်းဖက်သိမ်းပိုက်လိုက်သည့် အတွက် တစ်နိုင်ငံ ပြည်တွင်းစစ်မီးတောက်လောင်လာရခြင်းဖြစ်ကြောင်း၊ စီးပွားရေး၊ လူမှုရေးအပါအဝင် အခြားသော အထွေထွေအကြပ်အတည်းများ ပိုမိုဖြစ်ပွားစေပြီး ပြည်သူများ၏ဘဝလုံခြုံမှုလည်း ကင်းမဲ့လာနေကြောင်း၊ လက်ရှိ အကြပ်အတည်းကို ကျော်လွှားနိုင်ရန် စစ်အာဏာရှင်ကို တိုက်ဖျက်ပြီး မိမိတို့လက်လွှတ်ခဲ့ရသည့်ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် အခွင့်အရေးကို ပြန်လည်ရယူခြင်းပြင်ဖြစ်ကြောင်း NMSP – AD ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
ယနေ့အချိန်တွင် တိုင်းရင်းသားလူမျိုးများအားလုံးသည် မဟာမိတ်များနှင့်သော်လည်းကောင်း၊ သီးခြားသော်လည်းကောင်း၊ စစ်အာဏာရှင်အား အသီးသီးတိုက်ပွဲဝင်နေကြသည်ကို တွေ့နေရကြောင်း၊ စစ်ရေးအောင်မြင်မှုမှတဆင့် တိုင်းရင်းသားပြည်သူများ လိုလားတောင့်တနေသည့် ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးကို ဆက်လက်အကောင်အထည်ဖေါ်သွားရန်ဖြစ်ကြောင်း၊ ယနေ့ မွန်တော်လှန်ရေးသည်လည်း တစ်မျိုးသားလုံးအသွင်ဖြင့် အရှိန်အဟုန်မြှင့်တင်ရန်လိုအပ်ကြောင်းလည်း NMSP – AD က ဆိုထားသည်။
မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP – AD အနေဖြင့် ဘုံရန်သူ စစ်အာဏာရှင်အား တိုက်ပွဲဝင်လျှက်ရှိပြီး တစ်ချိန်တည်းတွင် မွန်တော်လှန်ရေးအင်အား ခိုင်မာအားကောင်းလာရေးနှင့် မွန်တော်လှန်ရေးအင်အားစုများ အင်အားတစ်ရပ်တည်ဖြစ်ပေါ်လာရေးကို ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း NMSP – AD ၏ ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။
စစ်ရေးအရေးနိမ့်နေသော စစ်ကောင်စီသည် ရက်စက်ကြမ်းကြုတ်စွာ တုံ့ပြန်လျှက်ရှိကြောင်း၊ စစ်ကောင်စီသည် ပြည်သူအချင်းချင်းကြားတွင်လည်းကောင်း၊ လူမျိုးအချင်းချင်းကြားတွင်လည်းကောင်း၊ သွေးခွဲလှုံဆော်မှုများ ပြုလုပ်ခြင်း၊ လူထုအား ခြိမ်းခြောက်ခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်းများ စသော နည်းလမ်းပေါင်းစုံဖြင့် တော်လှန်ရေးစိတ်ဓါတ်ပျက်ပြားအောင် လုပ်ဆောင်နေသည်ကို အထူးသတိပြုကြရမည်ဖြစ်ကြေင်း၊ စစ်ကောင်စီသည် အင်အားနည်းလာသည့်အတွက် မတရားသည့်စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖေါ်ကာ ပြည်သူများကို အတင်းအဓမ္မ စစ်မှုထမ်းစေလျက် ရှိကြောင်း၊ အခြးတစ်ဖက်တွင်လည်း စစ်အာဏာတည်မြဲရေးအတွက် အတုအယောင်ရွေးကောက်ပွဲ ကျင်းပရန် ပြင်ဆင်နေကြသည်ကို တွေ့ရကြောင်းလည်း NMSP – AD ကဆိုသည်။
မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP – AD အနေဖြင့် မွန်တော်လှန်ရေးအဖွဲ့အစည်းများ မဟာမိတ်တော်လှန်ရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး တော်လှန်ရေးအရှိန်မြှင့်တင်သွားမည်ဖြစ်ကြောင်း၊ အချုပ်အခြာအာဏာ (၃) ရပ်နှင့်ပြည့်စုံသည့် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိသော မွန်ပြည်တော်ဆောင်နိုင်ရေးအတွက် ပြည်နယ်အတွင်းရှိ တော်လှန်ရေးအင်အးစုများနှင့်သော်လည်းကြောင်း ဘဝတူ တိုင်းရင်းသားလူမျိုးများနှင့်သော်လည်းကောင်း ပူးပေါင်းတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း NMSP – AD ၏ ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။
မွန်လူမျိုးများ၏ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် အခွင့်အရေးကို မွန်လူမျိုးများတိုက်ပွဲဝင်မှသာ ရရှိနိုင်မည်ဖြစ်ကြောင်း၊ ထိုသို့ တိုက်ပွဲဝင်ရာတွင် မွန်တစ်မျိုးသားလုံး ပူးပေါင်းပါဝင်နိုင်မှသာ အောင်ပွဲကို အမြန်ဆွတ်ခူးနိုင်မည်ဟု အပြည့်အဝယုံကြည်ကြောင်း၊ သို့ဖြစ်ပါ၍ ပြည်တွင်း၊ ပြည်ပရှိ မွန်အမျိုးသားများအားလုံး အမျိုးသားရေးတာဝန်အသိစိတ်ဖြင့် မွန်အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲတွင် ကျရာကဏ္ဍ၊ နိုင်ရာဝန်မှ ကိုယ်စီပါဝင်ထမ်းရါက်ကြပါရန် (၇၈) ကြိမ်မြောက် မွန်အမျိုးသားနေ့တွင် အလေးအနက်ထား တိုက်တွန်းအပ်ပါကြောင်း NMSP – AD ထုတ်ပြန်ချက်တွင် ဖေါ်ပြပါရှိသည်။
ဖေဖေါ်ဝါရီလ (၁၃) ရက်နေ့က ကျရောက်ခဲ့သည့် (၇၈) ကြိမ်မြောက် မွန်အမျိုးသားနေ့အထိမ်းအမှတ်အခမ်းအနားများအား မွန်တိုင်းရင်းသား အများအပြားနေထိုင်ရာနေရာဒေသအသီးသီးတွင် ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။

