ထိုင်း – မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့အနီးရှိ ရွှေကုက္ကိုလ်မြို့သစ်အတွင်း ယနေ ဖေဖေါ်ဝါရီလ (၁၄) ရက်နေ့ နံနက်ပိုင်းအချိန်က နယ်ခြားစောင့်တပ် (ကရင်ပြည်နယ်) BGF က လူကုန်ကူးခံရသူများအား ရှာဖွေမှုများလုပ်ဆောင်နေကြောင်း BGF နှင့် နီးစပ်သူများထံမှသိရသည်။
ယနေ့နံနက်အစောပိုင်းအချိန်မှစတင်ကာ BGF တပ်ဖွဲ့ဝင်များမှ လက်နက်အပြည့်အစုံဖြင့် ရွှေကုက္ကိုလ်မြို့သစ်အတွင်းရှိ Bar များ၊ KTV များ၊ စားသောက်ဆိုင်များအား ဝင်ရောက်စစ်ဆေးမှုများလုပ်ဆောင်ကာ အတင်းအကြပ်ခေါ်ဆောင်ထားခြင်းခံထားရသူများ ရှိ၊ မရှိ စစ်ဆေးခြင်းများလုပ်ဆောင်နေကြောင်း နယ်ခြားစောင့်တပ် (ကရင်ပြည်နယ်) BGF နှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။
၎င်းကဆက်လက်ပြီး “ရွှေကုက္ကိုလ်ကို ရောက်နေကြတဲ့ တရုတ်နိုင်ငံသားတွေကို နိုင်ငံကူးလက်မှတ်တွေရှိမရှိ၊ စစ်ဆေးနေကြတယ်လို့ သိရတယ်။ အဲ့ဒီအပြင်ကို တခြားနိုင်ငံခြားသားတွေကိုလည်း စစ်ဆေးမှုတွေလုပ်ဆောင်နေကြတယ်လို့သိရပါတယ်” ဟု ပြောကြားသည်။
ယမန်နေ့ ဖေဖေါ်ဝါရီလ (၁၃) ရက်နေ့ကလည်း နယ်ခြားစောင့်တပ် (ကရင်ပြည်နယ်) – BGF ခေါင်းဆောင်ဖြစ်သူ ဗိုလ်မှူးကြီးစောချစ်သူ မှ ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ် နှင့် ကာကွယ်ရေးဝန်ကြီးထံသို့ လူကုန်ကူးမှုနှင့် လိမ်လည်ခေါ်ဆောင်မှုများကျူးလွန်သူများအား ပြန်လည်ပို့ဆောင်မည်ဖြစ်ကြောင်းကို သဝဏ်လွှာပေးပို့ခဲ့ကြောင်းလည်း BGF နှင့် နီးစပ်သည့် အသိုင်းအဝိုင်းထံမှ သိရသည်။
လက်ရှိတွင်လည်း BGF ခေါင်းဆောင်ဖြစ်သူ ဗိုလ်မှူးကြီးစောချစ်သူ အပါအဝင် BGF ခေါင်းဆောင်ပိုင်းတချို့အား ထိုင်းနိုင်ငံဘက်မှ ဖမ်းဝရမ်းထုတ်ရန် စီစဉ်နေကြကြောင်းလည်း ထိုင်းနိုင်ငံဘက်မှလာသည့် သတင်းများအရ သိရသည်။
Photo Credit – CJ