မွန်တစ်မျိုးသားလုံးညီညွတ်ရေးမှာ အရေးကြီးသည်ဖြစ်သည့်အတွက် နိုင်ငံရေး၊ အမျိုးသားရေး အမြင်သဘောထားများ ညှိနှိုင်းတိုင်ပင်နှီးနှောကြရန် မွန်အမျိုးသားညီလာခံတစ်ရပ် ကျင်းပပြုလုပ်ဆောင်ရွက်သင့်ကြောင်း ယနေ့ ကျရောက်သည့် (၇၈) ကြိမ်မြောက် မွန်အမျိုးသားနေ့တွင် မွန်ပြည်သစ်ပါတီ NMSP က သဘောထား ထုတ်ပြန်လိုက်သည်။
မွန်မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် (၁) ရက်၊ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ (၁၃) ရက်၊ ယနေ့တွင်ကျင်းပသော မွန်အမျိုးသားနေ့အခမ်းအနားတွင် NMSP ၏ မွန်ဘာသာထုတ်ပြန်ချက်များကို ပြည်တွင်းပြည်ပနေရာအသီးသီး၌ ဖတ်ကြားခဲ့သည်ကို အွန်လိုင်းများတွင် တွေ့ရသည်။
မွန်ပြည်သစ်ပါတီအနေဖြင့် အပြောင်းအလဲများအပေါ် သုံးသပ်ဆင်ခြင်နေပြီး
မွန်အမျိုးသားတို့ ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးအတွက် နည်းလမ်းပေါင်းစုံဖြင့် ဆက်လက်တိုက်ပွဲဝင်လျက်ရှိကြောင်း၊ ဖြစ်ပေါ်ပြောင်းလဲနေသော နိုင်ငံရေးအချိုးအကွေ့၊ အိမ်နီးချင်းနိုင်ငံတို့၏ သဘောထားအပေါ် လေ့လာသုံးသပ်ပြီး နိုင်ငံရေးပြဿနာများကို နိုင်ငံရေးအရ ဖြေရှင်းနိုင်ရေးအတွက် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲထားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သို့ရာတွင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုဖြစ်ပေါ်ခဲ့ပြီး နိုင်ငံရေးဆွေးနွေးပွဲများ ရပ်တန့်သွားခဲ့ကြောင်း၊ စစ်ကောင်စီနှင့် စစ်ကောင်စီဆန့်ကျင်ရေးအဖွဲ့အစည်းများ တိုက်ပွဲအရှိန်အဟုန်မြင့်တက်လာခဲ့ရာ အုပ်ချုပ်ရေးနှင့် တရားဥပဒေစိုးမိုးရေး ယန္တရားများ ဆုတ်ယုတ်ပျက်စီးသွားခဲ့ကြောင်း၊ ထို့ကြောင့် လုံခြုံမှုမရှိသည့် ပြည်သူလူထုများမှာလည်း စစ်ဘေးရှောင်များအဖြစ် ကြီးမားစွာရင်ဆိုင်နေရကြောင်း NMSP က ဆိုသည်။
ထို့ပြင် စစ်ကောင်စီအနေဖြင့် ၂၀၂၅ ခုနှစ်တွင် ရွေးကောက်ပွဲကျင်းပရန်နှင့် စစ်မှုထမ်းဥပဒေကြေညာပြီး လူငယ်(ကျား/မ) များကိုလည်း စစ်ထဲဝင်ရောက်စေခြင်းဖြင့် ပြည်တွင်းစစ် ဆက်လက်ရှည်ကြာနေဦးမည်ကို ပြည်သူအများ စိုးရိမ်သောက ရောက်ရှိနေရကြောင်း ရေးသားထားသည်။
လက်ရှိနိုင်ငံရေးအချိုးအကွေ့ ပြည်တွင်းစစ်မီးလျှံအကြား ကျေးလက်နေပြည်သူတို့၏ အသက်ရှင်သန်ရပ်တည်ရေးအတွက် ဒေသဆိုင်ရာလုံခြုံရေး အကာအကွယ်ပေးအပ်ရန် လိုအပ်လာနေပြီဖြစ်ကြောင်းလည်း မွန်ပြည်သစ်ပါတီ၏ ထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။
လက်ရှိ မွန်အမျိုးသားထုတရပ်လုံးကို ဦးဆောင်မှု ပေးနေသော အဖွဲ့အစည်းများမှာ NCA လက်မှတ်ရေးထိုးထားသည့် မွန်ပြည်သစ်ပါတီ၊ ရွေးကောက်ပွဲဝင်မည့် မွန်ညီညွတ်ရေးပါတီ MUP အပြင် စစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်နေသည့် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့) NMSP (AD) နှင့်မဟာမိတ်များဖြစ်သည့် MSRF, MSDF, MLA တို့ ပါဝင်ကြောင်း သိရသည်။




