ကောင်းဝါ- ၂၀၂၃ ဇူလိုင် (၈)
KNU/KNLA/PDF ပူးပေါင်းတပ်ဖွဲ့များသည် ရန်ကုန် – မော်လမြိုင် အမှတ် (၈) အဝေးပြေးလမ်းမကြီးပေါ်ရှိ ဘီးလင်းမြို့နယ် အလူးလေးကျေးရွာ၌ ဇူလိုင်လ (၇) ရက် မွန်းလွဲ (၁) နာရီခွဲဝန်းကျင်အချိန်ခန့်က ခရီးသည်ယာဥ်များကို စစ်ဆေးမှုများ စတင်လုပ်ဆောင်လာပြီဖြစ်ကြောင်း ဒေသခံပြည်သူများနှင့် ခရီးသွားများ၏ ပြောကြားချက်များအရ သိရသည်။
“အင်အားက (၅၀) လောက်ရှိမယ်။ လမ်းပေါ်သွားလာနေကြတဲ့ ယာဉ်တွေကို စစ်ဆေးတာတွေလုပ်ဆောင်ခဲ့ကြတယ်။ သိပ်တော့မကြာဘူး။ ပြန်ထွက်သွားကြတယ်” ဟု ဒေသခံတစ်ဦး က ပြောကြားသည်။
အစိုးရဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် မွန်ပြည်နယ်အတွင်း မော်တော်ကားဖြင့် ခရီးသွားလာရာတွင် လုံခြုံမှုမရှိတော့ကြောင်း သိရသည်။
ရန်ကုန် – မော်လမြိုင်ကားလမ်းပေါ်တွင် သွားလာနေကြည့် မော်တော်ယာဉ်များအနေဖြင့် မှန်ချပြီးမောင်းနှင်ကြရန်၊ ည (၆) နာရီမှ နောက်တစ်နေ့နံနက် (၆) နာရီအတွင်းသွားလာခြင်းမပြုကြရန် တောင်ပိုင်းတိုင်းစစ်ဒေသ အမှတ် (၂) စစ်ဒေသခွဲ မှ ပြီးခဲ့သည့် ဇူလိုင်လ (၁) ရက်က အသိပေးကြေညာချက်ထုတ်ပြန်ထားသည်။
ထို့အပြင် ရန်ကုန် – မော်လမြိုင်ကားလမ်းပေါ် သွားလာနေကြသည့် မော်တော်ယာဉ်များအား ၎င်းတို့မှ စစ်ဆေးမှုများလုပ်ဆောင်သွားမည်ဖြစ်ကြောင်း နှင့် စစ်ဆေးမှုအား ကြည်ဖြူစွာလက်ခံရမည်ဖြစ်ကြောင်း နှင့် လိုက်နာရန်ပျက်ကွက်ပါက ဖြစ်လာမည့် အကျိုးဆက်များကို စစ်ဒေသခွဲ (၂) မှ တာဝန်ယူမည်မဟုတ်ကြောင်း အသိပေးထုတ်ပြန်ချက်တွင် ပါရှိသည်။
အလားတူ မော်လမြိုင်-ရေး-ထားဝယ်-မြိတ် အမှတ် (၈) ကားမကြီးတွင် သွားလာနေသော ယဥ်များအနေဖြင့် ညအချိန် သွားလာခြင်းမပြုလုပ်ရန်နှင့် KNU/KNLA/PDF မှ ယာဥ်များတားဆီးစစ်ဆေးခြင်းကို ကြည်ဖြူစွာလက်ခံရန် ဇွန်လ ၁၀ ရက်နေ့က အမိန့်ထုတ်ပြန်ထားသည်။