၂၀၂၅ ဖေဖော်ဝါရီ (၁၁)
မြဝတီမြို့ရှိ အွန်လိုင်း ရာဇဝတ်ဂိုဏ်းများနှင့် ပတ်သက်ဆက်နွယ်မှုဖြင့် စွပ်စွဲခံထားရသော ထိုင်းနိုင်ငံရဲတပ်ဖွဲ့ ရဲမင်းကြီး အက်ကာရတ် အင်တာစပ်နှင့် တာ့ခ်ပြည်နယ်ရဲချုပ် ရဲမင်းကြီး စမ်ရစ် အမ်ကာမော်လ်တို့ ရာထူးမှ ယာယီရပ်နားခံရကြောင်း ထိုင်းသတင်းဌာန Thai Enquirer က ဖော်ပြသည်။
ရဲမင်းကြီး အက်ကာရတ်နှင့် တာ့ခ်ပြည်နယ်ရဲချုပ်မှာ ၎င်းနယ်မြေရှိ ရာဇဝတ်ဂိုဏ်းများအား ထိရောက်စွာ အရေးမယူခဲ့မှုဖြင့် စွပ်စွဲခံထားရသည်။
ထိုင်း ပြည်သူ့ပါတီမှ ဒုတိယခေါင်းဆောင် ရန်စီမန်ရုမ်းက မြဝတီမြို့ရှိ ကာစီနိုရုံ ၁၇ ခုတို့တွင် ထိုင်းလုပ်ငန်းရှင်များ ပါဝင်ပတ်သက်နေကြောင်း၊ အစိုးရနှင့်နီးစပ်သည့် ထိုင်းရဲမင်းကြီးတဦးသည်လည်း ကာစီနိုတခု ပိုင်ဆိုင်ထားကြောင်း ၂၀၂၄ ဧပြီလအတွင်း ထုတ်ဖော်ပြောကြားခဲ့ဖူးသည်။
ထိုင်းကာကွယ်ရေးဝန်ကြီး ဖွန်သမ် ဝက်ချာယာချိုင်းကလည်း တရားမဝင်လုပ်ငန်းများနှင့် ပတ်သက်နေသော အစိုးရအရာရှိ များအား နယ်စပ်ဒေသများမှ ဖယ်ရှားသွားမည်ဖြစ်ပြီး ယင်းသို့ဆောင်ရွက်ခြင်းဖြင့် ရာဇဝတ်ဂိုဏ်းများကို ပိုမိုထိရောက်စွာ နှိမ်နင်းနိုင်မည်ဖြစ်ကြောင်း ယနေ့ ထုတ်ဖော်ပြောကြားထားသည်။

Photo – Thai Enquirer
