ကောင်းဝါ- ၂၀၂၃ ဇူလိုင် (၈)
မွန်ပြည်နယ်နှင့် တနသႅာရီနယ်စပ် ရေးမြို့နယ်အတွင်းရှိ ၁၄ မိုင် ဆက်သွယ်ရေးတာဝါတိုင် တပ်စခန်းကုန်းကို ဇူလိုင် ၆ ရက် ည ၁၁ နာရီအချိန်က KNU ပူးပေါင်းတပ်ဖွဲ့ ဝင်ရောက်တိုက်ခိုက်ပြီး မီးရှို့ဖျက်ဆီးခဲ့ကြောင်း KNU ဗဟိုထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ တာဝါတိုင်စခန်းကုန်းတွင်ရှိသော ခမရ (၅၉၁) ဗိုလ်နေလင်းထွန်း ဦးစီးအဖွဲ့က စခန်းကို စွန့်ခွာထွက်ပြေးခဲ့ပြီး KNU မှ ရှေ့ထွက်မိုင်း(၃)လုံး၊ MA မဂ္ဂဇင်း (၁၀) ဘောက်၊ ကက်သီး (၁၈) လုံး၊ ၅.၅၆ ကျည် (၂၁၈) တောင့်၊ ၄၀ မမ ကျည် (၂၀)လုံး၊ လက်ပစ်ဗုံး (၂၀)လုံး၊ အီ ကွေ့မန့် (၂)စုံ နှင့် အခြားပစ္စည်းများစွာ သိမ်းဆည်းရမိပြီး စခန်းကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဆိုသည်။
စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်မှ “ဖြစ်စဥ်က မှန်ပါတယ်..မလွဲတောင်မှာရှိတဲ့ စခန်းဆိုတာ အင်အား အနည်းအကျဥ်းပဲရှိတဲ့ ကာကင်းစခန်းငယ်တစ်ခုသာ ဖြစ်ပြီး အင်အား ၁၀၀ ကျော်ရှိတဲ့ ရန်သူအင်အားအလုံးအရင်းနဲ့ ဝင်ရောက်တိုက်ခိုက်ခြင်း ခံခဲ့ရတာကြောင့် ခွာစစ်ဆင်ပေးလိုက်ခြင်း ဖြစ်ပါတယ်.စစ်သည်များ ထိခိုက်မှုမရှိပဲ လက်နက်ခဲယမ်းအချို့ ဆုံးရှုံးသွားရသလို စခန်းနဲ့ တာဝါတိုင်လည်း မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း စုံစမ်းသိရှိရပါတယ်” ဟု ရေးသားထားသည်။
Photo Crd− ဒူးပလာယာခရိုင်−သတင်းနှင့်ပြန်ကြားရေး။