ဘန်ကောက်- ၂၀၂၅ ဖေဖော်ဝါရီ (၈)
မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်သစ် Othman Hashim သည် မြန်မာနိုင်ငံအပြန် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ လက်ရှိ စစ်ကောင်စီကို တော်လှန်နေသော တိုင်းရင်းသားလက်နက်ကိုင် EAOs ခေါင်းဆောင်အချို့နှင့် တွေ့ဆုံခဲ့ကြောင်း စုံစမ်းသိရှိရသည်။
Othman Hashim သည် ဘန်ကောက်မြို့တွင် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်ဆန့်ကျင့်ရေး) NMSP (AD)၊ ကရင်နီတိုးတက်ရေးပါတီ KNPP၊ ချင်းအမျိုးသားတပ်ဦး CNF ခေါင်းဆောင်တို့အပြင် မြန်မာနိုင်ငံ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကိုယ်စားလှယ်များနှင့်လည်း တွေ့ဆုံခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲတွင် အာဆီယံ ဘုံသဘောတူချက် ၅ ချက်ပါ စစ်ပွဲအကြမ်းဖက်မှုများ ရပ်တံ့ရေး၊ နယ်စပ်မှတဆင့် လူသားချင်းစာနာမှု အကူအညီများပေးရေးနှင့် ဘက်ပေါင်းစုံအားလုံးပါဝင်သည့် ဆွေးနွေးပွဲဖြစ်မြောက်စေရန် အဓိက ပြောကြားခဲ့ကြောင်း ယုံကြည်စိတ်ချရသော အရင်းမြစ်များမှတဆင့် သိရသည်။
ယခုခရီးစဥ်အတွင်း ပြည်တွင်းနှင့်ပြည်ပ တွေ့ဆုံခဲ့မှုများကို အာစီယံဥက္ကဌ မလေးရှားဘက်က သတင်း မထုတ်ပြန်ချင်သောကြောင့် တရားဝင်သတင်းထုတ်ပြန်ခြင်းမပြုသေးပေ။
အထူးကိုယ်စားလှယ်၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနှင့် တွေ့ဆုံခဲ့ရာတွင် စစ်ကောင်စီဘက်စပြီး စစ်ပွဲများရပ်ပေးနိုင်ပါက ပိုကောင်းမည်ဖြစ်ကြောင်း Othman Hashim အကြံပြုခဲ့သည်ကို ပြန်လည်ရှင်းပြခဲ့ကြောင်း သိရှိရသည်။
