ရေး-၂၀၂၅ ဖေဖေါ်ဝါရီ (၆)
စစ်အုပ်ချုပ်ရေးကြေညာထားသည့် ရေးမြို့နယ်တွင် ဓါးပြ ခြိမ်းခြောက်ကာ ဆိုင်ကယ်လုယက်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် ဖေဖေါ်ဝါရီလ (၂) ရက်နေ့၊ ညနေ (၄) နာရီအချိန်ခန့် ရေးမြို့နယ် သင်္ဃန်းကျွန်းကျေးရွာနေ အသက် (၂၁) နှစ်အရွယ် မောင်အောင်ကျော်နိုင် နှင့် အသက် (၉) နှစ်အရွယ် တူဖြစ်သူ ကလေးငယ်တစ်ဦးတို့ အာယုတောင်ကျေးရွာဘက်သို့ ဆိုင်ကယ်ဖြင့်သွားနေစဉ် ဆက်သွယ်ရေးကျေးရွာရှိ သုဿာန်ကုန်းအရောက်တွင် အမည်မသိ လူငယ် (၂) ဦးမှ ခြံသွားသည့် လမ်းမှ ထွက်လာပြီး ဓါးပြ ခြိမ်းခြောက်ကာ ဆိုင်ကယ်အား အတင်းဝင်လှဲပြီး လုယက်သွားခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောကြားသည်။
“ကလေးတွေလုယက်ခံလိုက်ရတဲ့ ဆိုင်ကယ်က Wave – I – 125 အမျိုးအစားဆိုက်ကယ်ပါ။ ဆိုင်ကယ်ကို လုယက်သွားတဲ့ လူ (၂) ယောက်က အသက် (၃၀) နှစ်ဝန်းကျင်နဲ့ အသက် (၂၀) နှစ်ဝန်းကျင်အရွယ် ယောက်ျားလေးတွေလို့ ပြောပါတယ်။ ကလေးတွေရဲ ့အသက်အန္တရာယ်တော့ မဖြစ်ခဲ့တာပဲ ကျေးဇူးတင်ရမလို ဖြစ်နေတယ်” ဟု ၎င်းဒေသခံက ဆက်လက်ပြောကြားသည်။
နယ်မြေတည်ငြိမ်အေးချမ်းမှုမရှိခြင်း နှင့် အတူ ဥပဒေစိုးမိုးမှုမရှိသည့် ရေးဒေသအတွင်း လုယက်မှုများ မကြာခဏဖြစ်ပွားလေ့ရှိကြောင်း ဒေသခံပြည်သူများအနေဖြင့်လည်း အစစအရာရာ သတိပြုနေထိုင်သွားနေထိုင်ရလျှက်ရှိကြောင်းလည်း ၎င်းဒေသခံက ဆိုသည်။
အထူးသဖြင့် ရေးမြို့နယ်တွင် ရွှေ့ပြောင်းမြန်မာလုပ်သားများ ဝင်ရောက်လာနေသဖြင့် ခိုးဆိုးလုယက်မှုများ ပိုမိုများပြားလာသည်ကို တွေ့ရှိရကြောင်း အမည်မဖော်လိုသည့် အုပ်ချုပ်ရေးမှူးတစ်ဦးက သုံးသပ်ပြောကြားသည်။
“တနယ်တကျေးက လူကောင်းလား လူဆိုးလားမသိ၊ နေရပ်လိပ်စာမသိရတဲ့ ရွေ့ပြောင်းလုပ်သားမိသားစုတွေ တပ်မိသားစုတွေ စရိုက်ကလည်းကြမ်း၊ ဒေသခံတွေရဲ့ ယဥ်ကျေးမှုကိုလည်း နားမလည်၊ စာမတတ်ပေမတတ်တွေများတယ်၊ လစ်ရင်လစ်သလို လုပ်လေ့ရှိတယ်၊ လုံခြုံရေးသတိရှိဖို့ လိုပါတယ်” ဟု ၄င်းက ဆိုသည်။
ကျေးရွာများအတွင်း လုယက်မှုများမကြာခဏဖြစ်ပွားလေ့ရှိကြောင်းနှင့် ကျူးလွန်သူများအနေဖြင့် အမျိုးသမီးများနှင့် လူငယ်များအား အဓိကပစ်မှတ်ထားကာ ကျူးလွန်ကြလေ့ရှိကြောင်းလည်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။
စစ်ကောင်စီသည် လုံခြုံရေးတရားဥပဒေစိုးမိုးရေးနှင့် နယ်မြေအေးချမ်းသာယာရေးကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်အလို့ငှာ အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးအား အရှေ့တောင်တိုင်းစစ်ဌာနချုပ်နယ်မြေဖြစ်သည့် မွန်ပြည်နယ် ရေးမြို့နယ်အတွင်း အုပ်ချုပ်ရေး နှင့် တရားစီရင်ရေးဆိုင်ရာ စစ်အုပ်ချုပ်ရေး (Martial Law) အာဏာကို ကျင့်သုံးရန် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၁၉ အရ အပ်နှင်းလိုက်ကြောင်း (၂၀၂၃) ခုနှစ် ဖေဖေါ်ဝါရီလ (၂) ရက်က စစ်အုပ်ချုပ်ရေး (Martial Law) အမိန့်အမှတ် (၄/၂၀၂၃) ဖြင့် ထုတ်ပြန်ထားသည်။