ဘီးလင်း- ၂၀၂၅ ဖေဖေါ်ဝါရီ (၂)
ဘီးလင်းမြို့နယ်၊ ဘီးလင်း – နတ်ကြီး – ဖာပွန် ကားလမ်းပေါ်ရှိ ချောင်းကူးတံတားတစ်စင်း မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ (၃၁) ရက်နေ့ နံနက်အစောပိုင်းအချိန်က အဆိုပါ ဘီးလင်း – နတ်ကြီး – ဖာပွန်ကားလမ်း မိုင်တိုင်အမှတ် (၁၀) မိုင် (၁) ဖာလုံ နှင့် (၂) ဖာလုံကြား၊ ရင်းအုံကျေးရွာ နှင့် ကျားကွင်းကျေးရွာကြားရှိ ချောင်းကူးတံတားအမှတ် (၁/၁၁) အား လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့မှ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
“မိုင်းခွဲခံခဲ့ရတဲ့ တံတားက ပေ (၃၀) ကျော်ကျော်လောက်ရှိမယ်။ မိုင်းခွဲခံရလို့ တံတားရဲ့ ကြမ်းခင်းရော လက်ရန်းတွေပါ ပြိုကျပျက်ဆီးကုန်တယ်။ ကားရော၊ ဆိုင်ကယ်ပါ တံတားပေါ်ကနေ သွားလာလို့မရတော့ဘူး” ဟု ၎င်းဒေသခံက ဆက်လက်ပြောကြားသည်။
မဲပလီဘက်တွင် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေသည့်အတွက်ကြောင့် စစ်တပ်ဘက်မှ စစ်ကူများမလာနိုင်အောင် ယင်းတံတားအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ဖြစ်သည်ဟု ယူဆရကြောင်းလည်း ၎င်းဒေသခံက ဆိုသည်။
၎င်းတံတားအမှတ် (၁/၁၁) မှာ ဘီးလင်း – နတ်ကြီး – ဖာပွန် ကားလမ်းပေါ်တွင် အရေးပါသည့် တံတားတစ်စင်းဖြစ်ကြောင်း နှင့် တံတားအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံသည့်အတွက်ကြောင့် နတ်ကြီး၊ လောင်စောလော့၊ ပြင်သာ၊ မဲလံ နှင့် ရွှေလောင်းအင်း အပါအဝင် ကျေးရွာပေါင်း (၂၀) ကျော်မှ ဒေသခံပြည်သူများအနဖြင့် ဘီးလင်းမြို့ဘက်သို့ သွားရေးလာရေးအတွက် အခက်အခဲများဖြစ်ပေါ်နေကြောင်းလည်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။
ပြီးခဲ့သည့်နှစ် မတ်လ (၆) ရက်နေ့က ဘီးလင်း – နတ်ကြီး – ဖာပွန်ကားလမ်းပေါ်ရှိ ပျဉ်သားတံတားသည်လည်းကောင်း၊ မေလ (၆) ရက်နေ့ကလည်း ကညင်ပင်တံတားသည်လည်းကောင်း မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံခဲ့ရသေးကြောင်း ဒေသခံများထံမှ သိရသည်။
နောက်ဆက်တွဲ သတင်းများအရ ဘီးလင်းမြို့နယ် မဲပလီကျေးရွာအခြေစိုက် စစ်ကောင်စီလက်အောက်ခံ ဗျူဟာတပ်စခန်းကုန်းအား ပြီးခဲ့သည့် ဇန်နဝါရီလ (၃၁) ရက်နေ့မှ စတင်ကာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ အင်အားအလုံးအရင်းဖြင့် ဝန်းရံတိုက်ခိုက်ခဲ့ရာ ဖေဖေါ်ဝါရီလ (၁) ရက်နေ့ မွန်းလွဲပိုင်းအချိန်တွင် ယင်းဗျူဟာတပ်စခန်းကုန်းအား အပြီးသတ်သိမ်းပိုက်ရရှိခဲ့ကြောင်း ဒေသတွင်း သတင်းအရင်းမြစ်များ၏ ဖေါ်ပြချက်များအရ သိရသည်။
See insights
Boost a post
Like
Comment
Send
Share