သထုံ- ၂၀၂၅ ဇန်နဝါရီ (၃၁)
မွန်ပြည်နယ် သထုံမြို့နယ်အတွင်းရှိ ရန်ကုန် – မော်လမြိုင်ရထားလမ်းပိုင်းတွင် လက်လုပ်အဝေးထိန်းမိုင်းတစ်လုံးတွေ့ရှိခဲ့ကြောင်း စစ်ကောင်စီနှင့် နီးစပ်သူများထံမှ သိရသည်။
ယမန်နေ့ ဇန်နဝါရီလ (၃၀) ရက်နေ့ နံနက် (၉ )နာရီအချိန်ခန့်က သထုံမြို့နယ် နောင်ကုလားကျေးရွာ နှင့် ထိန်ပင်ကျေးရွာကြား ရန်ကုန် – မော်လမြိုင်ရထားလမ်းပိုင်း မိုင်တိုင်အမှတ် (၈၆) အနီးရှိ ချောင်းကူးတံတားငယ်တစ်စင်းပေါ်တွင်ထောင်ထားသော လက်လုပ်အဝေးထိန်းမိုင်းတစ်လုံးအား ဒေဿခံများမှ တွေ့ရှိခဲ့ရ၍ ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့ထံသို့ အသိပေးအကြောင်းကြားခဲ့ကြောင်းနှင့် ထိုမှ သက်ဆိုင်ရာက သွားရောက်ရှင်းလင်းမှုများလုပ်ဆောင်ခဲ့ကြောင်း စစ်ကောင်စီနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။
“လက်လုပ်အဝေးထိန်းမိုင်းကို အဖြူရောင်ကြွပ်ကြွပ်အိတ်ထဲကိုထည့်ထားပြီး ယမ်းတွေကို ပလပ်စတစ်အိတ်နဲ့ထုပ်ထားပြီးတော့ လက်ကိုင်ဖုန်းတစ်လုံးနဲ့ချိတ်ဆက်ထားတယ်လို့ သိရပါတယ်။ အဲ့ဒီလက်လုပ်အဝေးထိန်းမိုင်းကို သက်ဆိုင်ရာက အသက်မဲ့အောင်ပြုလုပ်ပြီးတော့ သိမ်းဆည်းသွားပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ထို့အတူ ဇန်နဝါရီလ (၃၀) ရက်နေ့ နံနက် (၁၁) နာရီအချိန်ခန့်ကလည်း သထုံမြို့နယ် သုဝဏ္ဏဝတီမြို့၊ ကျိုက္ကော်ရပ်ကွက်၊ အောက်ကျင်းအပိုင်း၊ ကတိုက်ကလေး – ကျိုက္ကော်ကားလမ်းဘေး လယ်ကွင်းအစပ်တွင် FALCOL SUPER 2000 တံဆိပ်ပါ အင်ဂျင်ဝိုင်သံပုံးနှင့် Hello တံဆိပ်ပါ လက်ကိုင်ဖုန်းတစ်လုံးနှင့် ချိတ်ဆက်ထားသည့် လက်လုပ်အဝေးထိန်းမိုင်းတစ်လုံးကိုလည်းတွေ့ရှိရသည့်အတွက် သက်ဆိုင်ရာမှ အသက်မဲ့အောင်ပြုလုပ်ပြီး သိမ်းဆည်းသွားကြောင်း ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ (၂၉) ရက်နေ့၊ ညနေက သထုံမြို့နယ် မြေနီကုန်းကျေးရွာအနီး ရန်ကုန် – မော်လမြိုင်ကားလမ်းပေါ်ရှိ တံတားငယ်တစ်စင်းအား လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုမှ မိုင်းထောင်နေစဉ် မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အမျိုးသားတစ်ဦးသေဆုံးခဲ့ပြီး၊ ကျန်နှစ်ဦးမှာလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ထွက်ပြေးတိမ်းရှောင်သွားကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။
အလားတူ ဇန်နဝါရီလ (၂၉) ရက်နေ့ ည (၈) နာရီအချိန်ခန့်ကလည်း သထုံမြို့နယ် ကော့သန်ကျေးရွာရှိ ပွဲခင်းတစ်ခု၌ ဆိုင်ကယ်အပ်နှံရေးနေရာတွင် လက်လုပ်မိုင်းပေါက်ကွဲမှုကြောင့် အနီးရှိ အရပ်သားပြည်သူ (၂) ဦးထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
စစ်တပ်မှ နိုင်ငံအာဏာသိမ်းယူခဲ့သည့် (၂၀၂၁) ခုနှစ် ဖေဖေါ်ဝါရီလ (၁) ရက်နေ့နောက်ပိုင်းတွင် ရန်ကုန် – မော်လမြိုင်ရထားလမ်းပိုင်းရှိ ရထားသံလမ်း၊ ရထားတံတား နှင့် လူစီးနှင့် ကုန်တင်ရထားများ (၉) ကြိမ်ထက်မနည်း တိုက်ခိုက်ဖျက်ဆီးခံခဲ့ရသည်။
![](https://usercontent.one/wp/www.kaowao.asia/wp-content/uploads/2025/01/475418052_635003992375200_8592054016194187109_n.jpg)