ရေး- ၂၀၂၅ ဇန် (၃၁)
မွန်ပြည်နယ် ရေးတောင်ပိုင်းတွင် ယမန်နှစ်က တိုက်ပွဲဖြစ်ပေါ်ခြင်းမရှိခဲ့သော်လည်း ယခုအခါ စစ်ကောင်စီစစ်ကြောင်း ထိုးလာသဖြင့် တိုက်ပွဲများဖြစ်ပေါ်လာမှာကို စိုးရိမ်နေရကြောင်း ဒေသခံများက ပြောကြားသည်။
ရေးတောင်ပိုင်း ဒေသခံတစ်ဦးက “ကျနော်တို့ဆီမှာ စစ်ကောင်စီ စစ်ကြောင်းတွေမရှိတော့ မနှစ်ကတစ်နှစ်လုံးလိုလို တိုက်ပွဲမဖြစ်ခဲ့ဘူး၊ မနေ့ညနေမှာ စစ်ကောင်စီစစ်ကြောင်းတစ်ကြောင်း ကမ်းပေါ်တက်လာတယ်၊ ရင်းဒိန်းမှာ အခြေပြုနေတယ်၊ မွန်တော်လှန်ရေးတပ်ဖွဲ့တွေကလည်း အဲဒီအနီးအနားတဝိုက်မှာ လိုက်ချောင်းနေတယ်၊ တိုက်ပွဲဖြစ်လာမှာကို စိုးရိမ်နေရတယ်” ဟု ပြောသည်။
ကဗျာဝကျေးရွာအနောက်ဘက်ရှိ ကျွန်းကြီးအနီးတွင် မြန်မာရေတပ်စစ်သဘေႅာ ၂ စင်းလှုပ်ရှားနေပြီး ခေါဇာမြို့ အခြေစိုက် ခလရ (၃၁) သို့ စစ်လက်နက်နှင့် စစ်အင်အားလာရောက်ဖြည့်တင်းရန် ယမန်နေ့ညပိုင်းက ကမ်းပေါ်သို့ စစ်ကြောင်းထိုးလာသည်ဟု စစ်ရေးလေ့လာသူတစ်ဦးက ယူဆပြောဆိုသည်။
“ဟိုတလောက ရေးကျုံလောင်းအရှေ့ခြမ်းတိုက်ပွဲမှာ ခလရ (၃၁) ဒုရင်းမှူးဦးစီးတယ်လို့ သိရတယ်၊ စစ်ကောင်စီဘက်က အကျအဆုံးများခဲ့တယ်၊ ခေါဇာနဲ့ မီးတိုင်တက်အကြား တံတားမှာလည်း ပစ်ခံထိတော့ ထပ်ကျပြန်တယ်၊ ခုတလော ခေါဇာမြို့အပြင်ဘက်ကို လက်နက်ကြီးတွေနဲ့ တရစပ်ပစ်ခဲ့တယ်၊ စစ်လက်နက်နဲ့ လူအင်အားကို ဒီစစ်ကြောင်း လာဖြည့်တာဖြစ်နိုင်တယ်၊ ခေါဇာတပ်ကတော့ ရေကြောင်းတစ်ခုကိုပဲ အားကိုးနေရတယ်၊ ကားလမ်းဘက်က လုံးဝသွားလို့မဖြစ်နိုင်ပါဘူး” ၄င်းက ပြောသည်။
ထို့ပြင် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP (AD) မွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA၊ မွန်ပြည်ကာကွယ်ရေးတပ် MSDF နှင့် မွန်ပြည်တော်လှန်ရေးတပ် MSRF မွန်တော်လှန်ရေး ၄ ဖွဲ့ မကြာသေးမီက ပူးပေါင်းဖွဲ့စည်းထားသော ရာမညပူးတွဲစစ်ကြောင်းသည်လည်း ရေးတောင်ပိုင်းဘက်သို့ ရောက်ရှိလာသဖြင့် အဆိုပါ စစ်ကောင်စီစစ်ကြောင်းနှင့် ကျေးရွာများအတွင်း တိုက်ပွဲဖြစ်ပွားလာမည်ကို စိုးရိမ်နေရကြောင်း ဒေသခံများက ပြောသည်။
ရေးမြို့ခံတစ်ဦးက “ရေးအရှေ့ခြမ်း ကျုံလောင်းဘက်မှာ တိုက်ပွဲသံတိတ်ဆိတ်နေတယ်၊ ဒါပေမယ့် စစ်တပ်ကတော့ လမ်းကိုဆက်ပိတ်ထားတယ်၊ မွန်တော်လှန်ရေးတပ်တွေက တောင်ပိုင်းဘက်ကို ပတ်ပြီး ဆင်းလာတယ်ဆိုတော့ ရေးတောင်ဘက်မှာ တိုက်ပွဲတွေရှိလာနိုင်တယ်၊ ခေါဇာမှာ တပ်တစ်တပ်ပဲ ကျန်တော့တယ် မြို့နဲ့လည်း အလှမ်းဝေးပါတယ်” ဟု ဆိုသည်။
ထို့အတူ မွန်ပြည်သစ်ပါတီ၏ ဒေသတွင်းလုံခြုံရေးစစ်ကြောင်းသည်လည်း ရင်းရဲကျေးရွာတဝိုက်တွင် အခြေပြုလှုပ်ရှားနေပြီး မွန်တော်လှန်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီစစ်ကြောင်းတို့၏ အခြေအနေကို စောင့်ကြည့်လေ့လာနေကြောင်း သိရသည်။