မော်လမြိုင်- ၂၀၂၅ ဇန် (၃၀)
မော်လမြိုင်မြို့ လှိုင်နှင့် သာယာအေးရပ်ကွက်၌ ဦးသိန်းစိန်လက်ထက်က ယခင်အစိုးရဌာနဆိုင်ရာများနှင့်ပေါင်းပြီး အုပ်ချုပ်ရေးမှူးတို့ ရောင်းစားခဲ့သော မြေကွက်ပေါ်ရှိ အဆောက်အဦများအား ယနေ့တွင် နောက်ဆုံးရက်အဖြစ် အပြီးအပိုင်ဖျက်သိမ်းပေးရန် စစ်ကောင်စီက နို့တစ်စာထုတ်ပြန်ထားသည်။
လှိုင်ရပ်ကွက်နှင့် သာယာအေးရပ်ကွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့- အုပ်ချုပ်ရေးမှူးအမည်ဖြင့် လန/၃၉ ခွင့်ပြုမိန့်ရထားသော မြေဧရိယာ ၂၃၉ ဧကပေါ်တွင် ကျူးကျော်ဆောက်လုပ်ထားသည့် အဆောက်အဦများကို ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၀ ရက်နေ့ နောက်ဆုံးထား၍ အမြန်ဖျက်သိမ်းပေးရန် နို့တစ်စာ ထုတ်ပြန်ထားခြင်း ဖြစ်သည်။
ဆယ်အိမ်မှူးတစ်ဦးက “တကယ်မှာတော့ ကျူးကျော်အိမ်တွေ မဟုတ်ဘူး၊ သမ္မတဦးသိန်းစိန်လက်ထက်က အုပ်ချုပ်ရေးမှူးနဲ့ အပေါင်းအပါ ၄ ဦးတို့က မြေစာရင်း၊ ထွေအုပ်၊ မြို့နယ်စည်ပင်တွေ ကုမ္ပဏီတွေနဲ့ပေါင်းပြီး မြေကွက်ဖော် ရောင်းစားခဲ့တာလေ၊ လယ်မြေကွက်ကို အိမ်ခြံမြေဂရမ်ရမယ်ဆိုပြီး ရောင်းစားခဲ့တာ၊ လန/၃၉ ကျတာတော့မှန်တယ် ဒါပေမယ့် နောက်ပိုင်းမှာ အိမ်ခြံမြေသတ်မှတ်ပေးဖို့က မလွယ်ဘူးလေ၊ ဟော အခုစစ်ကောင်စီလက်ထက်မှာက ဒီမြေတွေကို ပြန်သိမ်းမှာတဲ့၊ အခုအုပ်ချုပ်ရေးမှူးကတော့ အရင်လူပဲလေ” ဟု ပြောသည်။
လယ်မြေများကို ၂၀၁၄-၁၅ ခုနှစ်ကတည်းက ပေ ၄၀× ၆၀ ခြံမြေအကွက် ၅၀၀ ကျော် လန/၃၉ ရခဲ့သော်လည်း အိမ်မြေအဖြစ်သတ်မှတ်ပေးခြင်း မရှိခဲ့ပေ။
၄င်းက “လူတွေ နားမလည်တော့ ဝယ်ကြတယ်၊ ကျနော်တို့မော်လမြိုင်မြို့ပေါ်ကလူတွေ အဝယ်နည်းတယ်၊ အဆင့်ဆင့်ဝယ်လာကြတာ ၁၀ နှစ်လောက်ရှိပြီလေ၊ အများအားဖြင့် အခုဝယ်တဲ့လူတွေက စစ်ရှောင်တွေပေါ့ အဲဒီမှာရှိတာဆိုရင် ကုလားကျွန်း၊ မရမ်းကျွန်း၊ ဘာဘူကုန်း၊ ကော့ဂူး၊ အဖြောင့်၊ ကုလားကုန်း၊ ကြာအင်းဆိပ်ကြီး၊ ကော့ကရိတ် အဲဒီလို ရွာကလူတွေများတယ်”
လက်ရှိ ဖျက်သိမ်းခံရမည့် နေအိမ်အဆောက်အဦများတွင် မော်လမြိုင်မြို့ပေါ်ကို စစ်ရှောင်ထွက်ပြေးလာသည့် မိသားစုအများစု နေထိုင်လျက်ရှိကြောင်း သိရသည်။
ရပ်ကွက်နေပြည်သူတစ်ဦးက “အဲဒီကြားမှာ တခါ BGF ကလည်း သူတို့ဂရမ်ဆိုပြီး လျှောက်ပြီးတော့ အဲဒီလယ်မြေတွေ ယူထားတာရှိတယ်၊ အဲဒါတွေ သူတို့ပြန်ရောင်းစားထားတယ်၊ အဲဒီလိုဝယ်ထားတဲ့လူတွေက အခုစစ်ကောင်စီသိမ်းမယ့် ပရောဂျက် ထဲမှာပါနေတော့ သူတို့လည်းဖယ်ရမယ်၊ သူတို့မှာ ဂရမ်ရှိတယ် ဂရမ်ရှိတယ်ဆိုပြီးအော်နေတာ၊ အမှန်က အိမ်ဆောက်ခွင့်လည်းမရှိဘူး ဂရမ်မြေလည်းမကျလာဘူး အဲဒါ ဆောက်ရင်းဆောက်ရင်းနဲ့ နှစ်တွေကြာလာတော့ ဒီအတိုင်းပဲနေနေကြတဲ့ပုံစံမျိုးရှိတယ်၊ ဒီနေ့ ၃၀ ရက်နေ့ နောက်ဆုံး သူတို့ဒိတ်ပေးထားတယ် အဲဒီနေ့ ကျော်သွားလို့ရှိရင်တော့ အင်အားသုံးပြီး လာဖြိုဖို့တော့ ကျနော်တို့သိထားရတယ်၊ ကိုယ့်ဆီမှာ မြေပိုင်ဆိုင်မှုအထောက်အထားမရှိတော့ ဖျက်ချမယ့်သဘောရှိတယ် တော်ရုံတန်ရုံ ပျဥ်ထောင်အိမ် ဘာညာကတော့ သူ့ဟာသူ ဖျက်သွားကြပြီပေါ့နော်၊ တိုက်အိမ်ဘာတွေကျတော့လည်း ရသလောက်လေး ဖြိုပြီးယူဖို့ လုပ်နေကြတုံးပဲ” ဟု ပြောသည်။
အလားတူ မော်လမြိုင်မြို့ပေါ်၌ ဌာနဆိုင်ရာ၊ အုပ်ချုပ်ရေးမှူးနှင့် ကုမ္ပဏီများပေါင်း၍ လန/၃၉ လျှောက်ကာ အိမ်ခြံမြေအကွက်ဖော်သည့် စီးပွားရေးလုပ်ငန်း ဖြစ်ထွန်းလျက်ရှိကြောင်း စုံစမ်းသိရှိရသည်။
See insights and ads
All reactions:
4343