သထုံ- ၂၀၂၅ ဇန်နဝါရီ (၃၀)
သထုံမြို့နယ် မြေနီကုန်းကျေးရွာအနီး ရန်ကုန် – မော်လမြိုင်ကားလမ်းပေါ်ရှိ တံတားငယ်တစ်စင်းအား မိုင်းထောင်နေစဉ် မိုင်းပေါက်ကွဲမှုကြောင့် မိုင်းလာထောင်သူ အမျိုးသားတစ်ဦးသေဆုံးခဲ့ကြောင်း ဒေသခံများနှင့် စစ်ကောင်စီနှင့် နီးစပ်သူများထံမှ သိရသည်။
ယမန်နေ့ ဇန်နဝါရီလ (၂၉) ရက်နေ့၊ ညနေ (၅) နာရီခွဲအချိန်ခန့်က သထုံမြို့နယ် မြေနီကုန်းကျေးရွာအနီး ရန်ကုန် – မော်လမြိုင်ကားလမ်းပေါ်ရှိ တံတားငယ်တစ်စင်းအား လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုမှ လူတစ်ဦး မိုင်းထောင်နေစဉ် မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးတစ်ဦးက ပြောကြားသည်။
“ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးတော့ သေဆုံးခဲ့တဲ့သူက ညာဘက်လက်ကောက်ဝတ်ပြတ်သွားတယ်။ နောက် ဦးခေါင်းနဲ့ မျက်နှာမှာ မိုင်းစတွေစင်ပြီးရရှိခဲ့တဲ့ ဒဏ်ရာတွေနဲ့ သေဆုံးသွားတယ်လို့ သိရပါတယ်” ဟု ၎င်းဒေသခံက ဆက်လက်ပြောကြားသည်။
ထို့အပြင် အဖော်ဖြစ်သူ အခြားအမျိုးသား (၂) ဦးမှာလည်း ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီးနောက် ထွက်ပြေးတိမ်းရှောင်သွားသည်ဟုလည်း သိရကြောင်း ၎င်းဒေသခံက ဆိုသည်။
အလားတူ ယမန်နေ့ ဇန်နဝါရီလ (၂၉) ရက်နေ့ ည (၈) နာရီအချိန်ခန့်ကလည်း သထုံမြို့နယ် ကော့သန်ကျေးရွာရှိ ပွဲခင်းတစ်ခု၌ ဆိုင်ကယ်အပ်နှံရေးနေရာတွင် လက်လုပ်မိုင်းပေါက်ကွဲမှုကြောင့် အနီးရှိ ဒေသခံပြည်သူ (၂) ဦးထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း စစ်ကောင်စီနှင့် နီးစပ်သူများထံမှ သိရသည်။
စစ်တပ်မှ အာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန် – မော်လမြိုင်ကားလမ်းမ သထုံမြို့နယ် နှင့် ဘီးလင်းမြို့နယ်ကြားရှိ ကားလမ်းပေါ်ရှိ တံတားကြီးငယ် (၄) စင်းထက်မနည်း မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံခဲ့ရကြောင်း နှင့် (၂၀၂၃) ခုနှစ် ဇွန်လ (၂၉) ရက် နံနက် (၄) နာရီခွဲအချိန်ခန့်ကလည်း အဆိုပါ ရန်ကုန် – မော်လမြိုင်ကားလမ်းမပေါ်ရှိ ကျုံအိတ်တံတား အား KNU တပ်မဟာ (၁) ၊ တပ်ရင်း (၂) မှ KNLA/PDF ပူးပေါင်းတပ်ဖွဲ့က မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း ယင်းတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်များအရ သိရသည်။