ရေး- ၂၀၂၅ ဇန်နဝါရီ (၃၀)
နယ်မြေအခြေအနေတည်ငြိမ်အေးချမ်းမှုမရှိသည့်အတွက် ရေးမြို့နယ်အတွင်းရှိ နေလှမ်းဆားလုပ်ငန်းများ ရပ်နားရကြောင်း ဒေသခံ ဆားလုပ်ငန်းရှင်များထံမှ သိရသည်။
ရေးမြို့နယ်အတွင်း နေလှမ်းဆားလုပ်ငန်းများလုပ်ကိုင်နေကြသည့် နှစ်ကရင်၊ ပလိုင်ကီး၊ အဘော် အစရှိသည့် ကျေးရွာများ၌ နယ်မြေလုံခြုံရေးအခြေအနေများကြောင့် နေလှမ်းဆားထုတ်လုပ်သည့်လုပ်ငန်းများ ရပ်နားထားရကြောင်း ဆားလုပ်ငန်းရှင်များက ပြောကြားသည်။
နှစ်ကရင်ကျေးရွာမှ ဆားလုပ်ငန်းရှင်တစ်ဦးက “ရေးမြို့နယ်အတွင်းမှာက နယ်မြေအခြေအနေမတည်ငြိမ်တော့ တချို့ဆားတောင်သူတွေကလည်း တခြားမြို့၊ ရွာတွေကို ပြောင်းရွေ့သွားကြတမျိုးတွေလည်းရှိတယ်။ ကျန်ခဲ့တဲ့သူတွေကလည်း မလုပ်နိုင်တော့ ဆားလုပ်ငန်းတွေ ရပ်နေတဲ့သဘောမျိုးရှိနေနတယ်” ဟု ဆိုသည်။
ထို့အပြင် သံဖြူဇရပ်မြို့နယ်အတွင်းရှိ နေလှမ်းဆားကြမ်းထုတ်လုပ်သည့် လုပ်ငန်းများတွင်လည်း ဆားထမ်းအလုပ်သမားရှားပါးမှုများကြောင့် ယခုနှစ် ဆားကြမ်းထုတ်လုပ်မှု လျော့နည်းကျဆင်းသွားနိုင်ကြောင်းလည်း ဒေသခံဆားလုပ်ငန်းရှင်တစ်ဦး၏ ပြောကြားချက်များအရ သိရသည်။
ဆားထမ်းသည့် အလုပ်သမားများအနေဖြင့်လည်း ခရီးသွားလာရာတွင် အစစ်အဆေးများသည့်အတွက် စိုးရိမ်ထိတ်လန့်မှုများရှိနေကြသည့်အပြင် အိမ်နီးချင်းထိုင်းနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်နေကြသည့်အတွက်ကြောင့် ဆားထမ်းသည့်အလုပ်သမားများ လျော့နည်းသွားသည်ခြင်းဖြစ်ကြောင်းလည်း ပငကျေးရွာမှ ဆားလုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။
၎င်းကဆက်လက်ပြီး “တချို့သော ဆားထမ်းအလုပ်သမားတွေက ကျနော်တို့ဆီကနေ ကြိုတင်ငွေတွေကို တောင်းလေ့ရှိတယ်။ ကျနော်တို့ကလည်း ပေးရပါတယ်။ မိုးတွင်းလုပ်ငန်းတွေနားထားရတဲ့အချိန်မှာ အလုပ်သမားတွေ စားရေးသောက်ရေးအတွက်ကိုလည်း ထောက်ပံ့ပေးထားရတာမျိုးတွေလည်းရှိပါတယ်။ ဒါပေမယ့် တချို့အလုပ်သမားတွေက ကြိုတင်ငွေတွေရယူပြီးကာမှ လုပ်ငန်းခွင်ကို မလာကြတော့တာတွေလည်း ရှိပါတယ်” ဟု ပြောကြားသည်။
ထိုသို့ ဆားထမ်းအလုပ်သမားနည်းပါးမှုကြောင့်လည်း နေလှမ်းဆားကြမ်းထုတ်လုပ်မှု လျော့ကျသွားနိုင်ကြောင်းလည်း ၎င်းက ဆိုသည်။
“ပုံမှန်ရာသီဥတုကောင်းမွန်ပြီး၊ အနည်းဆုံး ဆားထမ်းအလုပ်သမား (၁၅) ဦးလောက်နဲ့ နေလှမ်းဆားကျုံးတဲ့လုပ်ငန်း လုပ်ဆောင်ရင် ဆားတစ်ရာသီကို ဆားကျုံးရတဲ့ အကြိမ်ရေ (၁၅) ကြိမ်ကနေ (၁၇) ကြိမ်ခန့်အထိ ရှိတတ်ပါတယ်။ ဒါပေမယ့် ဆားထမ်းအလုပ်သမား လေးငါးယောက်လောက်နဲ့ ဆားထမ်းရတဲ့ အခါမှာတော့ ဆားထမ်းရက်က (၃) ရက်နဲ့ နေ့တစ်ဝက်လောက် ကြာတတ်တယ်။ အဲ့ဒီတော့ ဆားကျုံးရတဲ့အကြိမ်ရေလျော့ကျတဲ့အတွက်ကြောင့် ဆားထုတ်လုပ်မှုကလည်း လျော့ကျနိုင်ပါတယ်” ဟု ၄င်းက ဆက်လက်ပြောကြားသည်။
ထို့အပြင် လတ်တလော ရာသီဥတုက နေ့ဘက်တွင် နေအပူရှိသိပ်မပြင်းသေးသည့်အပြင် ညဘက်တွေမှာလည်း အအေးပိုနေသည့်အတွက်ကြောင့် နေလှမ်းဆားထုတ်လုပ်ရာတွင်လည်း နှောင့်နှေးမှုများဖြစ်ပေါ်စေကြောင်းလည်း သိရသည်။
မွန်ပြည်နယ် နေလှမ်းဆားထုတ်လုပ်မှုလုပ်ငန်းများအား မိုးရာသီအကုန် စက်တင်ဘာလလယ်ခန့်တွင် စတင်လုပ်ကိုင်ကြပြီး၊ ဒီဇင်ဘာလ နှင့် ဇန်နဝါရီများတွင် ဆားကြမ်းစတင် ထုတ်လုပ်ကြလေ့ရှိကြောင်း သိရသည်။