ဘန်ကောက်-၂၀၂၅ ဇန် (၃၀)
ထိုင်းနိုင်ငံတောင်ပိုင်း ဆူရတ်ဌာနီပြည်နယ် ကော့ဖန်ဂန်ကျွန်းပေါ်ရှိ ခရစ်ယာန်ဘုရားကျောင်းတစ်ခုတွင် ခွင့်ပြုချက်မရှိဘဲ ဖွင့်လှစ်ထားသည့် တရားမဝင်မြန်မာစာသင်ကျောင်းတစ်ကျောင်းကို ထိုင်းအာဏာပိုင်များ ဝင်ရောက်စီးနင်းခဲ့ကြောင်း ထိုင်းသတင်းများက ဖော်ပြသည်။
ရဲတပ်ဖွဲ့နှင့် ဒေသဆိုင်ရာ အုပ်ချုပ်ရေးတာဝန်ရှိသူများသည် ကော့ဖန်ဂန်ရှိ ခရစ်ယာန်ဘုရားကျောင်း၌ စာသင်ကျောင်းကို အင်္ဂါနေ့က တွေ့ရှိခဲ့ကြောင်း၊ အဆိုပါကျောင်းတွင် အသက် ၃ နှစ်မှ ၁၂ နှစ်ကြား မြန်မာနိုင်ငံသား ကလေးငယ် ၁၉၀ ယောက် စာသင်ကြားနေကြောင်း၊ အင်္ဂလိပ်-မြန်မာဘာသာ ဖတ်စာအုပ် ၃၁ အုပ်ကိုလည်း ရဲတပ်ဖွဲ့က သိမ်းဆည်းခဲ့ကြောင်း Surat Thani ရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးရေးမှူး Pol Maj Charoenchai Boonkliang က ဆိုသည်။
“ခွင့်ပြုချက်မရှိဘဲ တရားဝင်စာသင်းကျောင်း တည်ထောင်ခြင်း” နှင့် “အလုပ်ပါမစ်မရှိသော နိုင်ငံခြားသားများ အလုပ်လုပ်ကိုင်ခြင်း” တို့ဖြင့် ပါဝင်ပတ်သက်သူများအားလုံးကို တရားစွဲဆိုထားကြောင်း သတင်းက ဖော်ပြသည်။
တရားမ၀င်ကျောင်းဖွင့်လှစ်သည့် ဆရာအဖြစ်သင်ကြားပေးနေသူ မြန်မာနိုင်ငံသား အေးမြသူဇာ ၄၀နှစ်၊ ရန်နိုင်စိုး ၃၁နှစ်၊ မြမြဝင်း ၃၃နှစ်နှင့် ချစ်ဖြိုးနောင် ၂၁ နှစ်တို့ကို ရဲစခန်းတွင် ဖမ်းဆီးအရေးယူထားကြောင်း၊ ၎င်းတို့ထဲမှ နှစ်ဦးကိုလည်း ခွင့်ပြုမိန့်မရှိဘဲ အလုပ်လုပ်ကိုင်မှုဖြင့် တရားစွဲထားကြောင်း သိရသည်။
အဆိုပါ စာသင်ကျောင်း၏ ပိုင်ရှင်အစစ်အမှန်ကို ရဲတပ်ဖွဲ့က ဆက်လက်ရှာဖွေနေကြောင်း၊ ကျောင်းသားတစ်ဦးထံမှ တစ်လလျှင် ဘတ် ၃၀၀-၅၀၀ ကောက်ခံခဲ့ကြောင်း၊ ကျောင်းသားများသည် ကော့ဖန်ဂန်ရှိ မြန်မာအလုပ်သမားများ၏ သားသမီးများဖြစ်ကြောင်း၊ မြန်မာကလေးငယ်များ၏ မိဘများတွင် အလုပ်လုပ်ခွင့်ပါမစ် ရှိမရှိကိုလည်း ဆက်လက်ရှာဖွေနေကြောင်း ရဲအရာရှိက ပြောသည်။
ထိုင်းနိုင်ငံရှိ အစိုးရစာသင်ကျောင်းတိုင်းတွင် ကျောင်းနေအရွယ်ကလေးတိုင်း ထိုင်းနိုင်ငံသားကဲ့သို့ပင် ပညာသင်ကြားခွင့်ရှိကြောင်း၊ သို့ရာတွင် တရားမဝင်ရွှေ့ပြောင်းနေထိုင်သည့် မိဘများနှင့်အတူ ပါရှိလာသော ကလေးများအတွက် ကျောင်းဝင်ခွင့်ခက်ခဲကြောင်း သိရသည်။
အလားတူ ၂၀၂၄ ခု စက်တင်ဘာလတွင်လည်း စူရတ်ဌာနီပြည်နယ်က တရားမဝင် မြန်မာစာသင်ကျောင်း ၆ ကျောင်းကို ထိုင်းအစိုးရက ပိတ်သိမ်းခဲ့သည်။
Source-Bangkok Post
#ခွင့်ပြုချက်မရှိဘဲဖွင့်လှစ်ထားသည့်မြန်မာစာသင်ကျောင်း#ထိုင်းအာဏာပိုင်များဝင်ရောက်စီးနင်း