လားရှိုး- ၂၀၂၅ ဇန်နဝါရီ (၂၉)
ကိုးကန့်တပ်ဖွဲ့ (MNDAA) အနေနှင့် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှ ဆုတ်ခွာရန် မဖြစ်နိုင်ကြောင်း ပအိုးဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO-NCA/S) မှ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။
ညီနောင်မဟာမိတ်သုံးဖွဲ့က ဆင်နွှဲခဲ့သော ၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းမြောက်ရှိ လားရှိုးမြို့ကို MNDAA နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့က သိမ်းပိုက်ရရှိခဲ့သည်။
အပေးအယူ မသေချာသေးဘဲ လားရှိုးမှ ကိုးကန့်တပ် (MNDAA) ဆုတ်ခွာရန် မဖြစ်နိုင်ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။
“မဟုတ်ဘူးထင်တယ်၊ လားရှိုးဆုတ်ရမယ်ဆိုရင်က ဘယ်သူက သဘောတူလိမ့်မလဲ။ ဒါကြောင့် ဒီအပေးအယူ ရှိကောင်းရှိနိုင်တယ်။ ဒါပေမဲ့ အဲဒီအပေးအယူတွေက မသေချာသေးတဲ့အခါကြတော့ ဘာမှ မပြောသေးတာလဲ ဖြစ်နိုင်တယ်။ ကျနော်အထင်ပေါ့လေ။ ဒါကြောင့် အပေးအယူမှာ စည်းကမ်းချက်တွေ ပါနိုင်တယ်။ အပေးအယူအရ စည်းကမ်းချက်တွေ ပါတော့ စည်းကမ်းချက်တွေက ဘယ်သူမှ မသိတဲ့အခါကြတော့ ဘယ်လိုဖြစ်ရင် ဘယ်လိုပေါ့ဗျာ၊ အဲဒီလိုအချက်တွေ ကျနော်တို့ မသိနိုင်ဘူး။ အဲဒါကြောင့် မသိနိုင်တဲ့အတွက် ဘာမှတော့ ပြောလို့ မရဘူး”ဟု ပြောသည်။
လက်ရှိ တရုတ်နှစ်သစ်ကူးအပြီး လားရှိုးမှ MNDAA ဆုတ်ခွာရန် ယမန်နေ့က စတင်ကျင်းပသည့် တရုတ်နှစ်သစ်ကူးပွဲမှာ တရုတ်က ပြောကြားခဲ့ကြောင်း BBC သတင်းက ဖော်ပြသည်။
‘’နှစ်သစ်ကူးပြီးရင် MNDAA ပြန်ဆုတ်ပေးရမယ်’’ဟု ကိုးကန့်တပ်ထိန်းချုပ်ထားသည့် လားရှိုးမြို့အထိရောက်လာသော ယူနန်မှ တရုတ်ကိုယ်စားလှယ်အဖွဲ့က ပြောသွားခဲ့ကြောင်း ဘီဘီစီ သတင်းအရင်းအမြစ်က ပြောသည်။
ယင်းကဲ့သို့ တရုတ်၏ ပြောဆိုချက်အပေါ် ကိုးကန့်တပ်ဖွဲ့ဝင်အများစုက မကျေမနပ်ဖြစ်ခဲ့ကြပြီး အသက်၊သွေး၊ချွေးများစွာ ရင်းပြီးတိုက်ယူထားသည့်အတွက် ဆုတ်ခွာပေးမည်မဟုတ်ကြောင်း BBC သတင်းမှာ ဖော်ပြသည်။
တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်တွင် ဇန်နဝါရီ ၁၈ ရက်က MNDAA နှင့် စစ်ကောင်စီတို့ တွေ့ဆုံဆွေးနွေးခဲ့ကာ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိခဲ့ကြပြီး MNDAA ထိန်းချုပ်ထားသော နယ်စပ်ဂိတ်များကို တရုတ်ဖက်က ပြန်လည်ဖွင့်ပေးခဲ့သည်။
စစ်ကောင်စီ နှင့် MNDAA အပစ်အခတ်ရပ်စဲခြင်းသည် တရုတ်ဖိအားပေး၍ ဖြစ်နိုင်သလို ကိုးကန့်တပ်၏ ရည်မှန်းချက် ပြည့်သွား၍လည်း ဖြစ်နိုင်ကြောင်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) မှ ပြောရေးဆိုခွင့်ရှိသူ ဦးမျိုးကျော်က ပြောသည်။
“သဘောတူညီမှု ယူလိုက်တယ်ဆိုတဲ့ဟာကလည်း တစ်ချက်တော့ ပြောစရာရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ရဲ့ ဘုံအကျိုး တစ်ဖက်ကလည်း တရုတ်ရဲ့ ဖိအား ဒီဟာကြောင့်လည်း သဘောတူညီလိုက်ရတာ ဖြစ်နိုင်သလို ဒီအဖွဲ့အစည်းအနေနဲ့ သူတို့ဒေသမှာ သူတို့ လိုအပ်နေတဲ့ နယ်မြေပေါ့ဗျာ၊ တနည်းအားဖြင့် သူတို့ရဲ့ ရည်မှန်းချက် Target (ပစ်မှတ်) ပြည့်သွားလို့လည်း သဘောတူညီသွားတာ ဖြစ်ကောင်း ဖြစ်နိုင်တယ်။ သဘောတူညီမှုဆိုတဲ့နေရာမှာ အဲဒီလိုတော့ မြင်တယ်” ဟု ပြောသည်။
အဆိုပါ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိပြီးနောက်ပိုင်း လားရှိုးမြို့ကို စစ်ကောင်စီမှ လေကြောင်း တိုက်ခိုက်မှုများလည်း ရပ်စဲသွားကြောင်း ဒေသခံများက ပြောသည်။
လက်ရှိ လားရှိုးမြို့မှာ တရုတ်နှစ်သစ်ကူးပွဲတော် ကျင်းပလျက်ရှိနေပြီး ညီနောင်မဟာမိတ် တပ်ဖွဲ့များ တက်ရောက်လျက်ရှိသည်ကို တွေ့ရသည်။