မဲဆောက်- ၂၀၂၅ ဇန် (၂၉)
ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့ BGF ထိန်းချုပ်ထားသော ရွှေကုက္ကိုလ်ကျားဖြန့် လောင်းကစား မြို့တော်ကို တရုတ်နိုင်ငံ၊ ပြည်သူ့လုံခြုံရေးဌာန ဒုဝန်ကြီး Liu Zhongyi က ထိုင်းနိုင်ငံ၊ မဲဆောက်ဘက်အခြမ်းမှ သွားရောက်ကြည့်ရှုကြောင်း ထိုင်း The Reporter က သတင်းဖော်ပြသည်။
ဒုဝန်ကြီး Liu Zhongyi က ကျားဖြန့်အွန်လိုင်းငွေလိမ်လည်ဂိုဏ်း Call Center များ တိုက်ဖျက်ရန်နှင့် လူကုန်ကူးခံထားရသော တရုတ်နိုင်ငံသားများကို ကယ်တင်နိုင်ရေး ပူးပေါင်းဆောင်ရွက်ရန် ထိုင်းအာဏာပိုင်များနှင့် ဘန်ကောက်တွင်ဆွေးနွေးခဲ့ပြီးနောက် ယနေ့တွင် မဲဆောက်မြို့ဘက်အခြမ်းမှ သောင်ရင်းမြစ် တစ်ဖက်ကမ်းရှိ BGF ထိန်းချုပ်ထားသော ရွှေကုက္ကိုလ်မြို့ကို သွားရောက်ကြည့်ရှုသွားခြင်း ဖြစ်သည်။
မြ၀တီမြို့ နယ်၊ ရွှေကုက္ကိုလ်မြို့တွင် တွေ့ရှိရသော အထပ်မြင့်အဆောက်အအုံကြီးများကို တရုတ်နိုင်ငံ ၊ ပြည်သူ့လုံခြုံရေးရာ ဒုဝန်ကြီးနှင့်အဖွဲ့ သွားရောက်ကြည့်ရှုခဲ့စဥ် Ya Tai ကုမ္ပဏီအဆောက်အအုံနှင့် ဆိုင်းဘုတ်ကိုလည်း မြင်တွေ့ခဲ့ပြီး ဓာတ်ပုံနှင့်ဗီဒီယိုမှတ်တမ်းများ ရိုက်သွားကြောင်း သိရသည်။
BGF နယ်ခြားစောင့်တပ် ထိန်းချုပ်ထားသည့် ရွှေကုက္ကိုလ်မြို့အတွင်း ကာစီနိုရုံများ၊ ဖျော်ဖြေရေးစခန်းများ၊ ဟိုတယ်များ အပါအဝင် အထပ်မြင့် အဆောက်အအုံ ၁၀၀ ကျော်ရှိသည်။
ထိုင်းမြန်မာနယ်စပ်တလျှောက်တွင် တရုတ်ကျားဖြန့်ငွေလိမ်းဂိုဏ်း Call Center ၃၆ ခုရှိပြီး လူပေါင်း ၁ သိန်းကို အလုပ်ခန့်ထားကာ ငွေကြေးများ လိမ်လည်နေကြောင်း တရုတ်နိုင်ငံ၊ ပြည်သူ့လုံခြုံရေးရာ ဒုဝန်ကြီး ပြောကြားချက်အရ သိရသည်။
Photo- The Reporter.