ကန်ချနပူရီ- ၂၀၂၅ ဇန် (၂၇)
မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံအတွင်းဘက်သို့ ထွက်ပြေးလာသည့် မြန်မာနိုင်ငံသားတစ်ဒါဇင်ကို ကန်ချနပူရီပြည်နယ် ထောင်ဖာဖွန်မြို့တစ်နေရာ၌ ယနေ့နံနက်စောစောပိုင်းက ထိုင်းလုံခြုံရေးတို့ ဖမ်းဆီးရမိသည်။
ထောင်ဖာဖွန်မြို့ အမှတ် (၁) ရွာ Tambon Tha Khanun ရှိ ကော်ဖီဆိုင်တစ်ခုအတွင်း အဆိုပါမြန်မာများ ရောက်ရှိနေစဥ် ယနေ့နံနက် ၅ နာရီကျော်အချိန်တွင် ရဲလုံခြုံရေးနှင့် ထောက်လှန်းရေးအရာရှိများပါဝင်သော အဖွဲ့က လာရောက် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ကန်ချနပူရီဒေသဆိုင်ရာသတင်းက ဖော်ပြသည်။
နယ်စပ်အခြေစိုက် လူမှုကူညီပေးရေး NGO အဖွဲ့ဝင်တစ်ဦးက “စစ်မှုထမ်းရမှာစိုးလို့ ထိုင်းဘက်ကို ပွဲစားတွေရဲ့အစီအစဥ်နဲ့ ထွက်လာတာ၊ အခုရက်ပိုင်းမှာ လူငယ်အတော်များများ ဘုရားသုံးဆူမှာ သောင်တင်နေတာ သိရတယ်၊ အခုလည်း ထောင်ဖာဖွန်ရောက်လာပြီးတော့ ရှေ့မှာဂိတ်တွေသိပ်မရှိပေမယ့် ရဲတွေသိသွားတော့ အဖမ်းခံရတာပါ” ဟု ပြောသည်။
အဆိုပါဖမ်းဆီးခံထားရသူများမှာ အသက် ၁၆ နှစ်မှ ၂၂ နှစ်ထိ မိန်းခလေး ၄ ဦး၊ အသက် ၁၉ နှစ်မှ ၃၄ နှစ်အထိ အမျိုးသား ၇ ဦးနှင့် အသက် ၄၁ နှစ်အရွယ်အမျိုးသားတစ်ဦးဖြစ်ကြောင်း ရဲစခန်းမှထုတ်ပြန်သော စာရင်းအရ သိရသည်။
စစ်ကောင်စီက ယခုရက်ပိုင်းအတွင်း ပြည်သူ့စစ်မှုထမ်းနည်းဥပဒေ ဆက်လက်ပြဌာန်းလိုက်သဖြင့် စစ်မှုထမ်းရန်အတွက် ကျန်းမာသော သာမန်အရပ်သားများထဲမှ အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသားများနှင့် ၁၈ နှစ်မှ ၂၇ နှစ်အတွင်း အမျိုးသမီးများကို ၂ နှစ်အထိ စစ်မှုထမ်းရန် စစ်တပ်က ဆင့်ခေါ်နိုင်ပြီ ဖြစ်သည်။
အလားတူ ဇန်နဝါရီ ၂၅ ရက်နေ့ နံနက်စောစောပိုင်းကလည်း ဘုရားသုံးဆူ-ထောင်ဖာဖွန်အကြား ကျုံအွယ်ဂိတ်သို့ ဖြတ်သန်းသော ကားတစ်စီးပေါ်မှ မြန်မာနိုင်ငံသား တစ်ဒါဇင် (၁၂) ဦးကိုလည်း ထိုင်းလုံခြုံရေးတို့ ဖမ်းဆီးရမိသည်။
See insights and ads
All reactions:
1717