ရေး ၊ ၂၀၂၅ ဇန်နဝါရီ(၂၇)
ရေးမြို့အခြေစိုက် စကခ(၁၉)နှင့် ၄ မိုင်ခန့်သာ ကွာဝေးသည့် ကျုံလောင်းရွာဟောင်းအနီး တော်လှန်ရေးပူပေါင်းအဖွဲ့စစ်ကြောင်းများနှင့် ယခုလအစောပိုင်းက စတင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများ ရပ်တန့်ခြင်းမရှိဘဲ ထိပ်တိုက်ရင်ဆိုင်ထားဆဲ အခြေအနေတွင်ရှိနေပြီး မြန်မာစစ်တပ်က ဖြတ်လေးဖြတ်စနစ်ကျင့်သုံး၍ လူနှင့်ရိက္ခာကန့်သတ်ခြင်းအပြင် လက်နက်ကြီးဖြင့် နေ့စဥ်ပစ်ခတ်နေသဖြင့် ဒေသခံနှင့် စစ်ဘေးရှောင်များ အခက်အခဲများစွာ ကြုံတွေ့နေရကြောင်း သတင်းရရှိသည်။
ရေးမြို့နယ်အရှေ့ပိုင်းကျေးရွာများကို မြန်မာစစ်တပ်က လူအဝင်အထွက်နှင့် စားနပ်ရိက္ခာတင်ပို့မှုများ ပိုမိုတင်းကြပ်စွာတားမြစ်လာမှုကြောင့် ဒေသခံပြည်သူများနှင့် စစ်ဘေးရှောင်ရွေ့ပြောင်းလုပ်သား ခြံအလုပ်သမားမိသားစုအများအပြား ဘေးဒုက္ခကြုံနေရကြောင်း ဆက်သွယ်မေးမြန်းချက်များအရ သိရသည်။
“တိုက်ပွဲတွေ စဖြစ်စကတည်းက ခုထိ ကျုံလောင်းရွာဟောင်းလမ်းကို ပိတ်ဆို့ထားတယ်၊ အဝင်အထွက်လုံးဝ ကန့်သတ်လိုက်တယ်၊ ခြံကိုလည်း သွားခွင့်မတော့ဘူး၊ အများစုကတော့ ရပ်ဝေးကလာတဲ့ ရွှေ့ပြောင်းအလုပ်သမား ခြံလုပ်သားတွေ ဒုက္ခတော်တော်ကြုံနေရတယ်၊ တောထဲမှာ ပိတ်မိနေကြနေဆဲ ဖြစ်သလိုနေကြရသလို ခြံရှင်တွေနဲ့လည်း အဆက်အသွယ်ပြတ်တယ်၊ စားဝတ်နေရေး၊ ကျန်းမာရေးအခက်ခဲဖြစ်နေကြပြီ၊ ခု ကျောင်းရွာကိုပါ ထပ်ပိတ်လာပြန်တယ်၊ ရိက္ခာကတော့ တစ်နိုင်တစ်ပိုင် အကန့်အသတ်နဲ့ပါ၊ ခုလိုထပ်ပိတ်ထားမယ်ဆိုရင် ကျောင်းရွာဘက်နဲ့ ပတ်ဝန်းကျင်ရွာတွေက မကြာခင်တော့ စားဖို့အခက်အခဲတွေဖြစ်လာတော့မယ်” ဟု ကျောင်းရွာဒေ သခံတစ်ဦးက ပြောကြားသည်။
ကျောင်းရွာနှင့် ကျုံလောင်းအနီးတဝိုက်ရှိ ကျောက်မိချောင်း၊ အိုင်ရှည်၊ ဝယ်ပေါင်၊ ကမ်းနီ၊ ရစ်ချောင်းရွာများမှ လူ ၁၀၀၀ ကျော် မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေထဲသို့ စစ်ဘေးရှောင်နေရပြီး ကုန်ပစ္စည်းများ စျေးနှုန်းမြင့်တက်နေသလို ဝယ်ယူမရဖြစ်နေပြီး အေးလွန်းသည့်ရာသီဥတုအောက်မှာ အနွေးထည်၊ စောင်၊ ဆေးဝါးများ အထူးလိုအပ်နေကြောင်း သိရသည်။
ရေး-ကျောင်းရွာ လမ်းပိုင်းအတွင်း ရိက္ခာတစ်နိုင်တစ်ပိုင်နှင့် လူအဝင်အထွက်ခွင့်ပြုထားသော်လည်း ကျောင်းရွာနှင့် အရှေ့ဘက်ကျသည့် ဆက်စပ်ကျေးရွာများသို့ လူအဝင်အထွက်နှင့် ကုန်စည်သယ်ယူခွင့်ကို ပြီးခဲ့သည့်ရက်ပိုင်းက ထပ်မံကန့်သတ်လာခဲကြောင်း ဒေသခံများကပြောကြားသည်။
ရေးမြို့ခံတစ်ဦးက “ကျုံလောင်းဘက်က ခက်ခက်ခဲခဲနဲ့ ပြန်ထွက်လာလို့ရတဲ့ ရွာခံအချို့ကတော့ ရေးမြို့မှာ အမျိုးတွေအိမ်နဲ့ ဘုန်းတော်ကြီးကျောင်းမှာ အခုနေနေကြတယ်” ဟု ပြောသည်။
ယခုသီတင်းပတ်မှစတင်၍ ရေး-ခေါဇာလမ််းပိုင်းတွင် ဂိတ်ဖွင့်ကာ လူအဝင်အထွက်နှင့် ကုန်စည်ကန့်သတ်ရှာဖွေမှုများ ပြုလုပ်လာသည့် စစ်ကောင်စီတပ်စခန်းတစ်ခုကို NMSP-AD နှင့် ပူးပေါင်းအဖွဲ့တို့ ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးသေဆုံးခဲ့ကြောင်း NMSP-AD က သတင်းထုတ်ပြန်ထားသည်။
ဖြတ်လေးဖြတ်ဗျူဟာ သည် တော်လှန်ရေးအဖွဲ့များနှင့် ဆက်စပ်မှုရှိသည်ဟု ယူဆသော အရပ်သားများအပေါ် ပြင်းထန်သော ပြစ်ဒဏ်ပေးခြင်း ပါဝင်သည့် မြန်မာစစ်တပ်၏ စစ်ဗျူဟာတစ်ခုဖြစ်ပြီး ထောက်ပံ့ရေး (၄) မျိုးဖြစ်သည့် အစားအစာ၊ ရန်ပုံငွေ၊ သတင်းအချက်အလက်နှင့် လူသစ်စုဆောင်းခြင်းတို့အား ဖြတ်တောက်ခြင်း ကို ရည်ညွှန်းသည်ဟု သိရသည်။