ဘီးလင်း- ၂၀၂၅ ဇန်နဝါရီ (၂၃)
ဆည်မြောင်ဦးစီးဌာနမှ ရေမပေးနိုင်သည့်အတွက် ဘီးလင်းမြို့နယ်အနောက်ပိုင်းရှိ နွေစပါးစိုက်ပျိုးထားသည့် လယ်ဧကများ ရာနှင့်ချီပြီး ပျက်စီးဆုံးရှုံးခဲ့ရကြောင်း ဒေသခံနွေစပါးစိုက်တောင်သူများ၏ ပြောကြားချက်များအရ သိရသည်။
ယမန်နှစ်က မြစ်ရေတင်စီမံကိန်းမှ ရေပေးဝေခဲ့သဖြင့် နွေစပါးဖြစ်ထွန်းအောင်မြင်ခဲ့သော်လည်း ယခုနနစ် ဇန်နဝါရီလ (၂၂) ရက်နေ့အထိ ဆည်မြောက်ဦးစီးဌာနမှ ရေမပေးနိုင်သောကြောင့် စပါးပင်များ အကုန် ရေငတ်ပြီး ပျက်စီးကုန်ကြောင်း တောင်စွန်းတိုက်နယ်မှ နွေစပါးစိုက်တောင်သူတစ်ဦးက ပြောကြားသည်။
“ဘီးလင်းမြို့နယ် ဆည်မြောင်းဦးစီးဌာနက မြစ်ရေတင်စီမံကိန်းကနေ နွေစပါးအတွက် ရေပေးဝေသွားမယ်ဆိုလာတော့လည်း တောင်သူတွေက နွေစပါးအားတိုးပြီး စိုက်ပျိုးခဲ့ကြတာပါ။ အဲ့ဒီအပြင်ကို မြို့နယ်ဆယ်မြောင်း ဦးစီးမှူး ဦးချစ်ဦး ကိုလည်း လယ်တစ်ဧကလျှင် ကျပ်တစ်သောင်းနှုန်း ပေးခဲ့ရပါတယ်” ဟု ၎င်းဒေသခံတောင်သူက ဆက်ပြောသည်။
ဘီးလင်းမြို့အနောက်ဘက် ဇွဲကလာ၊ ဇုတ်ကလိ၊ အနိုင်းပွန်၊ သစ်တိုကျွန်း၊ တောင်ကလေး၊ နှင်းပုလဲ အစရှိသည့်ကျေးရွာအုပ်စုများအတွင်း နွေစပါးများဧက ရာနှင့်ချီကာ ပျက်ဆီးဆုံးရှုံးခဲ့ကြောင်း၊ ဆက်လက်၍ ရေမရရှိပါက ဧကထောင်နှင့်ချီကာ ထပ်မံပျက်စီးနိုင်ကြောင်းလည်း တောင်သူများ၏ ပြောကြားချက်များအရ သိရသည်။
နွေစပါးတစ်ဧက စိုက်ပျိုးပါက ငွေကျပ် (၁၄) သိန်းမှ ကျပ် (၁၅) သိန်းအထိကုန်ကျကြောင်း၊ လက်ရှိ လယ်သမားများအနေဖြင့် ထယ်ထိုးပြီး၊ စပါးမျိုးများကြဲထားသည့်အပြင်၊ ဓါတ်မြေဩဇာလည်း ကြဲပက်ထားပြီးဖြစ်ကြောင်း၊ သို့သော်လည်း ရေမရသည့်အတွက်ကြောင့် စပါးပင်များရေငတ်ပြီး သေလုနီးပါးဖြစ်နေကြောင်း ၎င်းတောင်သူက ဆိုသည်။
နွေစပါးများ ပျက်စီးမှုမရှိစေရန်အတွက်ကို တချို့လယ်သမားများအနေဖြင့် ၎င်းတို့လယ်သို့ ရေရောက်ရန်အတွက် ရေစုပ်စက် သုံးလေးဆင့်လောက်ခံကာ ရေသွယ်နေကြရကြောင်း၊ ထို့အတွက်ကြောင့် ရေပိုက်ဖိုးလည်းအပိုကုန်ကျကြရသည့်အပြင် စက်သုံးဆီဖိုးနှင့် ရေစက်ငှားခတို့လည်း အပိုကုန်ကျကြရသည့်အတွက်ကြောင့် နွေစပါးစိုက်ပျိုးမှုကုန်ကျစရိတ် ပိုမိုကုန်ကျနေရကြောင်းလည်း နွေစပါးစိုက်တောင်သူများ၏ ပြောဆိုကြသည်။
ဘီးလင်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ်၌ နွေစပါး (၉၃၆၉) ဧက၊ ဆောင်းသီးနှံပဲမျိုးစုံ (၂၇,၀၁၀)ဧက၊ ဆီထွက်သီးနှံ (၁၃၀၂၀)ဧက စိုက်ပျိုးဖြစ်ထွန်းခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
![](https://scontent.fbkk17-1.fna.fbcdn.net/v/t39.30808-6/474463800_546796108412587_7728361255197757609_n.jpg?stp=dst-jpg_s600x600_tt6&_nc_cat=101&ccb=1-7&_nc_sid=127cfc&_nc_ohc=mpy4rroRrwQQ7kNvgH12yee&_nc_oc=AdiEN96O0q8J-xMli77SIarxLaPAWo5quVRmxFENX72yTYLIPgT5EcuNoCGFyQloswo&_nc_zt=23&_nc_ht=scontent.fbkk17-1.fna&_nc_gid=AEJ-_nr2lsBp6yzadF_Ls2A&oh=00_AYAZ8C-Ch7pRCchvHA8zqGHxTcYtaQW4hVOinNOqfETh9Q&oe=67993CA3)
See insights and ads
All reactions:
1818