မော်လမြိုင်- ၂၀၂၅ ဇန်နဝါရီ (၂၂)
ယခုရက်ပိုင်းအတွင်း မော်လမြိုင်မြို့ပေါ်ရပ်ကွက်များတွင် ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့မှ အိမ်ထောင်စုမိတ္တူများ လိုက်လံကောက်ခံနေကြောင်း မြို့ခံများ၏ ပြောကြားချက်များအရ သိရသည်။
မဲစာရင်းပြုစုရန် နှင့် အိမ်ထောင်စုစာရင်းနှင့် လက်ရှိနေထိုင်နေသည့် လူဦးရေအား တိုက်ဆိုင်စစ်ဆေးရန်အတွက်ဟုဆိုကာ မြို့နယ်ထွေ/အုပ် ဦးစီးဌာနမှ ညွန်ကြားချက်ဖြင့် မော်လမြိုင်မြို့ပေါ်ရပ်ကွက်များတွင် အိမ်ထောင်စု စာရင်းများလိုက်လံကောက်ယူနေခြင်းဖြစ်ကြောင်း မော်လမြိုင်မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။
“အိမ်ထောင်စုစာရင်း မိတ္တူ (၂) စောင်မှာ တစ်စောင်က လဝက အတွက်၊ နောက်တစ်စောင်က ထွေ/အုပ်အတွက်လို့ သိရတယ်။ အဓိကက လက်ရှိ နေအိမ်မှာကျန်ရှိနေတဲ့ လူဦးရေးစာရင်းကို တိတိကျကျ သိနိုင်ဖို့အတွက် စာရင်းတွေပြန်ကောက်တာလို့ သိရပါတယ်” ဟု ၎င်းကဆက်လက်ပြောကြားသည်။
ထိုသို့ အိမ်ထောင်စုစာရင်း မိတ္တူများလိုက်လံကောက်ခံနေသည့်အတွက်ကြောင့် စစ်မှုထမ်းဥပဒေအရ အသက် (၁၈) နှစ် မှ (၃၅) နှစ်ကြား အမျိုးသားများ၏ စာရင်းများ အသေးစိတ်စိစစ်နေသည်ဟုလည်း သတင်းများ ထွက်ပေါ်နေသည့်အတွက်ကြောင့် မြို့ခံပြည်သူများအကြား စိုးရိမ်ပူပန်မှုများဖြစ်ပေါ်နေကြောင်းလည်း သိရသည်။
“ဆိုင်မှာက စစ်မှုထမ်း ဥပဒေမှပါတဲ့ အသက်နဲ့ညိနေတဲ့ ယောက်ျားလေးတွေ အလုပ်လုပ်နေကြတော့ သူတို့ကို စစ်မှုထမ်းဖို့ ဆင့်ခေါ်မှာကို ကြောက်နေကြတယ်။ အခြေအနေကိုလည်း စောင့်ကြည့်နေကြတယ်လို့ ပြောကြတယ်။ အခြေအနေမကောင်းရင်တော့ အလုပ်သမားတွေ ထွက်သွားဖို့ရှိတယ်။ အဲ့ဒီတော့ လုပ်ငန်းလည်ပတ်ဖို့က အခက်အခဲတွေရှိလာဦးမယ်” ဟု မော်လမြိုင်မြို့ခံ လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။
၂၀၂၂ ခုနှစ်တွင် မြန်မာနိုင်ငံ၏ လူဦးရေ ၅၅ ဒသမ ၈ သန်းရှိပြီး ၂ နှစ်အတွင်း လူဦးရေ ၄ သန်းဝန်းကျင် ကျဆင်းလာကာ ၅၁ သန်းကျော်သာ ကျန်ရှိရှိတော့ကြောင်း၂၀၂၄ သန်းခေါင်စာရင်းက ဖော်ပြနေသည်။
See insights and ads
All reactions:
1111