သံဖြူဇရပ်- ၂၀၂၅ ဇန်နဝါရီ (၂၀)
အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနှင့် အမှုဖွင့်ခံထားရသည့် သံဖြူဇရပ်မြို့အခြေစိုက် ပိုင်ရှင်မဲ့ပရဟိတလူမှုကူညီရေးအသင်း ဥက္ကဌဖြစ်သူ ဦးရဲမင်းထိုက် မှာ ပြီးခဲ့သည့် ဇန်နဝါရီလ (၁၃) ရက်နေ့က ပြန်လည်လွတ်မြောက်လာကြောင်း ၎င်း၏မိသားစုနှင့် နီးစပ်သူတစ်ဦး၏ ပြောကြားချက်များအရ သိရသည်။
ဦးရဲမင်းထိုက်၏ မိသားစုဝင်များမှ လက်ရှိ မွန်ပြည်နယ်ဝန်ကြီးချုပ်ထံသို့ အသနားခံစာအကြိမ်ကြိမ်တင်ပြခဲ့သည့်အတွက်ကြောင့် သက်ဆိုင်ရာက ပြန်လည်စိစစ်ပြီးနောက် ဦးရဲမင်းထိုက် အား ပြန်လည်လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း ၎င်း၏မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။
“ကိုရဲမင်းထိုက် က ပြီးခဲ့တဲ့ ဇန်နဝါရီလ (၁၃) ရက်နေ့က ပြန်လွတ်လာခဲ့ပေမယ့် သူနဲ့အတူ ဖမ်းဆီးခံရပြီးတော့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်ခံထားရတဲ့ ကိုဝင်းကြည် နဲ့ ကိုပူတူးတို့ (၂) ဦးကတော့ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးပါဘူး” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ထို ပိုင်ရှင်မဲ့ ပရဟိတလူမှုကူညီရေးအသင်း၏ ဥက္ကဌဖြစ်သူ ဦးရဲမင်းထိုက် အပါအဝင် အသင်းဝင် (၉) ဦးအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ပတ်သက်ဆက်နွယ်သည်ဟု ဆိုကာ ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက စစ်ကောင်စီတပ်မှ ဖမ်းဆီးခဲ့ပြီး၊ စစ်ကြောရေးလုပ်ဆောင်ခဲ့ပြီးနောက် ဦးရဲမင်းထိုက် နှင့် အသင်းဝင်များဖြစ်ကြသည့် ကိုဝင်းကြည်နှင့် ကိုပူတူး တို့ (၃) ဦးအား အေက်တိုဘာလ (၉) ရက်နေ့က အကြမ်ဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ – ၅၀ ည ဖြင့် အမှုဖွင့်အရေးယူခဲ့သော်လည်း ကျန်အသင်းဝင် (၆) ဦးအား ပြန်လည်လွှတ်ပေးခဲ့ကြောင်း သိရသည်။
ထိုအခြေအနေများကြောင့် သံဖြူဇရပ်မြို့အခြေစိုက် ပိုင်ရှင်မဲ့ပရဟိတလူမှုကူညီရေးအသင်းအား အသင်းဝင်များနှင့် အလှူရှင်များ၏ သဘောဆန္ဒအရ အောက်တိုဘာလ (၂၅) ရက်နေ့က ဖျက်သိမ်းခဲ့ကြောင်း နှင့် အသင်းပိုင် လူနာတင်ယာဉ် (၄) စီးအား သံဖြူဇရပ်မြို့အခြေစိုက် အခြားသော ပရဟိတအရေးပေါ်လူမှုကူညီကယ်ဆယ်ရေးအသင်းကို လှူဒါန်းလိုက်ပြီးဖြစ်ကြောင်း နှင့် သံဖြူဇရပ်မြို့ အောင်မင်္ဂလာရပ်ကွက်မှာရှိသည့် အသင်းရုံးကိုလည်း ဖြိုချဖယ်ရှားလိုက်ပြီးဖြစ်ကြောင်း သိရသည်။
ပိုင်ရှင်မဲ့ပရဟိတလူမှုကူညီရေးအသင်းရုံးအတွင်းရှိ ရုံးသုံးပရိဘောဂပစ္စည်းများအပြင် ပန်ကာများ၊ ဆိုလာပြားများနှင့် ကယ်ဆယ်ရေးလုပ်ငန်းသုံး ပစ္စည်းများအား အသင်းဝင်းများ ဖမ်းဆီးခံရချိန်တွင် အောင်မင်္ဂလာရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမင်းအောင် နှင့် အပေါင်းအပါများက သိမ်းဆည်းသွားပြီး၊ အသင်းတာဝန်ရှိသူများထံ ပြန်လည်အပ်နှံပေးခြင်းမရှိသေးကြောင်းနှင့် ယင်းပစ္စည်းများမှာ အများပြည်သူလှူဒါန်းပေးထားသည့် ငွေကြေးများဖြင့် ဝယ်ယူလှူဒါန်းပေးထားသည့် ပစ္စည်းများဖြစ်ကြောင်းလည်း သံဖြူဇရပ်မြို့ခံများက ဆိုကြသည်။
ဖျက်သိမ်းလိုက်ပြီးဖြစ်သည့် သံဖြူဇရပ်မြို့အခြေစိုက် ပိုင်ရှင်မဲ့ပရဟိတလူမှုကူညီကယ်ဆယ်ရေးအသင်းအား (၂၀၁၈) ခုနှစ်အတွင်းက မွန်ပြည်နယ်အစိုးရအဖွဲ့ထံ အသင်းအဖွဲ့မှတ်ပုံတင်ကာ တည်ထောင်ခဲ့သည့် အဖွဲ့ဖြစ်ကြောင်းနှင့် သံဖြူဇရပ်မြို့နယ်အတွင်း ထိခိုက်လူနာများ၊ အရေးပေါ်လူနာများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်ပေးခဲ့သည့်အပြင် နာရေးကူညီမှုကိုလည်း ဆောင်ရွက်ပေးနေသည့် အသင်းဖြစ်ကြောင်း သိရသည်။
See insights and ads
Like
Comment
Send
Share