မဲဆောက်- ၂၀၂၅ ဇန် (၁၅)
ကျားဖြန့်၊ လူကုန်ကူးမှုနှင့် ရာဇဝတ်မှုကိစ္စရပ်များကိုဖြေရှင်းရန် BGF/KNA ခေါင်းဆောင် ဗိုလ်ချုပ်စောချစ်သူ၊ DKBA ခေါင်းဆာင်ဗိုလ်ချုပ်စောဆန်းအောင်နှင့် တရုတ်လုပ်ငန်းရှင်တချို့ ယနေ့တွင် အရေးပေါ်ဆွေးနွေးပွဲတရပ် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအရေးပေါ်အစည်းအဝေးကို ထိုင်း-မြန်မာနယ်စပ်က BGF ထိန်းချုပ်နယ်မြေတနေရာတွင် ကျင်းပခဲ့ရာ လူကုန်ကူးမှုတားဆီးတိုက်ဖျက်ရေးမှာ ပူးပေါင်းဆောင်ရွက်ဖို့၊ ငွေလိမ်လုပ်ငန်းနှင့် တရားမဝင်ရာဇဝတ်မှုများ တားမြစ်ရေး၊ အသက် ၁၈ နှစ်အောက် ကလေးလုပ်သားများပြဿနာ၊ လူကုန်ကူးခံရသူများကို နှိပ်စက်ညှင်းပန်းမှုတားမြစ်ရေးနှင့် အတင်းအကျပ်ငွေညှစ်တောင်းခံမှု စသည့်ပြဿများရပ်တန့်ရေးများ ပါဝင်ကြောင်း Mae Sot Media က ရေးသားသည်။
မြဝတီဒေသတွင်စီးပွားရေးလုပ်ကိုင်သည့် တရုတ်လုပ်ငန်းရှင်များအနေဖြင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက ရင်းနှီးမြုပ်နှံထားသည့်လုပ်ငန်းများကို ပိတ်သိမ်းမည်ဖြစ်ကြောင်း အစည်းအဝေးတွင် BGF ခေါင်းဆောင်ဗိုလ်ချုပ်စောချစ်သူက ပြောဆိုခဲ့သည်ဟု ဆိုသည်။
BGF ခေါင်းဆောင်စောချစ်သူနှင့် DKBA အဖွဲ့တို့သည် ကရင်ပြည်နယ် မြဝတီဒေသတွင် ကျားဖြန့်လုပ်ငန်းအတွက် လူကုန်ကူးသည့်တရုတ်ရာဇဝတ်ဂိုဏ်းများကို အကာအကွယ်ပေးထားသည်ဟု သတင်းများတွင် ရေးသားကြသည်။
BGF, DKBA တို့ပံ့ပိုးမှုဖြင့် တရုတ်နိုင်ငံသားအပါအဝင် လူ ၆၀၀၀ ကျော်အား မြန်မာနိုင်ငံလူကုန်ကူးသည့်ရာဇဝတ်ဂိုဏ်းအဖွဲ့က ဖမ်းဆီးချုပ်နှောင်ထားသည်ဟု မကြာသေးခင်က Civil Society Network for Victim Association in Humang Trafficking အဖွဲ့က ထုတ်ပြန်ခဲ့ပြီး ဖမ်းဆီးချုပ်နှောင်ခံရသူတွေကို ကူညီပေးရေး ထိုင်းလူ့အခွင့်အရေးကော်မရှင်ကို တိုက်တွန်းခဲ့သည်။
အလားတူ မြန်မာနယ်စပ်ရှိ ကျားဖြန့်အွန်လိုင်းလိမ်လည်ဂိုဏ်းများက ဖမ်းဆီးပြီး အဓမ္မခိုင်းစေခံနေရသော နိုင်ငံသားများကို ကယ်တင်နိုင်ရန် ဟောင်ကောင်ကိုယ်စားလှယ်အဖွဲ့ကို ထိုင်းရဲချုပ် ထပ်ချိုင်း ပတ်ထနီလာဘတ် (Pol. Gen. Thachatchai Pitaneelabut ) က ယနေ့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး နိုင်ငံပေါင်းစုံက ပြည်သူများကို အန္တရာယ်ပေးနေသည့် လူကုန်ကူးဂိုဏ်းနှင့် Call Center ဂိုဏ်းတွေကို ထိထိရောက်ရောက် နှိမ်နင်းနိုင်ရေး ပူးပေါင်းဆောင်ရွက်ရန် သဘောတူခဲ့ကြောင်း သတင်းရရှိသည်။