မော်လမြိုင်-၂၀၂၅ ဇန် (၁၅)
ထိုင်းနယ်စပ်အနီး မြန်မာနိုင်ငံက ကျားဖြန့်ဒုစရိုက်ဂိုဏ်းတစ်ခု၌ ဂျပန်လူမျိုး ခြောက်ဦး ဖမ်းဆီးခံထားရကြောင်း ထိုင်းအခြေစိုက် လူကုန်ကူးခံရသူများ အကူအညီပေးရေး အရပ်ဘက်ကွန်ရက်အဖွဲ့က ပြောကြောင်း ဂျပန် အဆာဟီရှင်ဘွန်းသတင်းက ယနေ့တွင် ဖော်ပြသည်။
ဂျပန်အမျိုးသား ငါးဦးနှင့် အမျိုးသမီးတစ်ဦး ဖမ်းဆီးခံထားရပြီး ၄င်းတို့၏ ပတ်ပို့စ် နိုင်ငံကူးလက်မှတ်များ သိမ်းဆည်းခံထားရသည့်အတွက် ချက်ချင်းကယ်ဆယ်ရန် မလွယ်ကူသေးကြောင်း အရပ်ဘက်ကွန်ရက်အဖွဲ့ ကိုယ်စားလှယ်က ပြောကြားခဲ့သည်ဟု ဆိုသည်။
မြန်မာနိုင်ငံက ကျားဖြန့်ဒုစရိုက်ဂိုဏ်းများ၌ ၂၁ နိုင်ငံက လူ ခြောက်ထောင်ကျော် လူကုန်ကူးခံရထားရသည်ဟု ယုံကြည်ရကြောင်း ၄င်းအရပ်ဘက်ကွန်ရက်အဖွဲ့၏ ယခုလ ၇ ရက်အစီရင်ခံစာတွင် ဖော်ပြထားသည်။
အဆိုပါ ဖမ်းဆီးခံရသူများတွင် တရုတ်လူမျိုး အယောက် ၃၉၀၀ ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ အီသီယိုးပီးယားနှင့် ကင်ညာနိုင်ငံသားများ ပါဝင်ကြောင်း၊ ထိုင်းနိုင်ငံမှ တစ်ဆင့် မြန်မာနိုင်ငံကို လူကုန်ကူးခံရပြီး ဒုစရိုက်လုပ်ငန်းတွေမှာ အတင်းအကျပ် ခိုင်းစေခံနေရကြောင်း ၄င်းအစီရင်ခံစာမှာ ဖော်ပြသည်။
Photo- ရွှေကုက္ကိုမြို့ကို ထိုင်းဘက်မှ မြင်တွေ့ရပုံ