တောင်ကြီး-၂၀၂၅ ဇန်နဝါရီ (၁၅)
ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်၌ ပအိုဝ်းတပ်မတော် PNLA ၏ တပ်ဖွဲ့ဝင် ၅ ဦးကို စစ်ကောင်စီ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO က ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း ယမန်နေ့ (ဇန်နဝါရီ ၁၄ ရက်) တွင် PNLA သတင်းထုတ်ပြန်ခဲ့သည်။
ဇန်နဝါရီ ၁၂ ရက်မှာ မြန်မာစစ်ကောင်စီတပ်နှင့် PNO တို့ စစ်ကြောင်းထိုးလာပြီး ဆီဆိုင်မြို့နယ် ထီစုံရွာအနီး၌ PNLA တပ်ဖွဲ့နှင့် တစ်နေကုန် တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ရာ စစ်ကောင်စီ ၂၀ ထက်မနည်းကျဆုံးခဲ့သလို PNLA တပ်ဖွဲ့ဝင် ၁ ဦး ကျဆုံးပြီး ၅ ဦး ဖမ်းဆီးခံရသည်ဟု PNLA ပြောရေးဆိုခွင့်ရ ခွန်းရိန်းယံက ပြောသည်။
“အခုဖြစ်နေတဲ့ တိုက်ပွဲတွေက လူမျိုးအချင်းချင်း တိုက်ခိုက်နေတဲ့ တိုက်ပွဲတွေ မဟုတ်ပါဘူး။ စစ်အာဏာရှင်ကို တိုက်ဖြတ်နေတဲ့ တိုက်ပွဲ ဖြစ်ပါတယ်၊ တိုက်ပွဲအတွင်း ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းကို PNLA အနေနဲ့ နှိပ်စက်သတ်ဖြတ်တာမရှိဘဲ စစ်သုံ့ပန်းဥပဒေနဲ့အညီ ထိန်းသိမ်းခဲ့ပေမဲ့ PNO ဖမ်းဆီးသွားတဲ့ PNLA ရဲ့ တပ်သား ၅ ဦးကို ရက်စက်စွာ နှိပ်စက်သတ်ဖြတ်ခဲ့တယ်” ဆိုသည်။
ဖမ်းဆီးခံရသည့် PNLA တပ်သား ၅ ဦးကို ဇန်နဝါရီ ၁၃ ရက် နံနက် ၁၀ နာရီကျော်တွင် PNO က နှိပ်စက်သတ်ဖြတ်ခဲ့ကြောင်း ထုတ်ပြန်ချက်က ဖော်ပြသည်။
အလားတူ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် စက်တင်ဘာလမှာလည်း ရွာသို့ အလည်ပြန်လာသော PNLA တပ်သား ၅ ဦးကို PNO ပြည်သူ့စစ်အဖွဲ့ ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း သိရသည်။
See insights and ads
All reactions:
5050