ဘန်ကောက်-၂၀၂၅ ဇန်နဝါရီ (၁၄)
ထိုင်းနိုင်ငံကို လာလည်ပတ်စဥ် ပြီးခဲ့သည့်သီတင်းပတ်က ပျောက်ဆုံးသွားသည့် တရုတ်အမျိုးသမီး နှစ်ယောက်ကို ထိုင်းရဲက ရှာဖွေတွေ့ရှိပြီး တရုတ်နိုင်ငံကို ပြန်ပို့လိုက်ပြီဖြစ်ကြောင်း ထိုင်း ရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးရေးမှူးချုပ် ဗိုလ်ချုပ်ကြီး Thatchai Peetaneelabut က ပြောသည်။
ဖခင်ဖြစ်သူက ထိုင်းနိုင်ငံသို့လာရောက်ကာ ထိုင်းရဲတပ်ဖွဲ့ထံ လာရောက်တိုင်ကြားခဲ့ပြီးနောက် အသက် ၂၁ နှစ်အရွယ် Wu Jiaqi နှင့်အတူ အွန်လိုင်းတွင် မကြာခင်က ဆုံခဲ့သည့် သူငယ်ချင်းတို့ ထိုင်းနိုင်ငံကို လာရောက်ခဲ့ပြီးနောက် အိမ်နီးချင်း တတိယနိုင်ငံတခုကို သွားရောက်ခဲ့ခြင်းဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့ ထိပ်တန်းအရာရှိက ဘန်ကောက်ပို့စ်သတင်းစာကို ပြောဆိုခဲ့သည်။
သို့ရာတွင် မြန်မာနိုင်ငံနယ်စပ်သို့ ၄င်းမိန်းခလေး ၂ ဦး ရောက်ရှိသွားခဲ့သည်ကို ထိုင်းအရာရှိ ထုတ်ဖေါ်ပြောဆိုခြင်း မပြုသော်လည်း တရုတ် ရုပ်ရှင်သရုပ်ဆောင်မင်းသား Wang Xing ကို ကယ်တင်ခဲ့သည့်နေရာမှာပင် ဖျားယောင်းခေါ်ဆောင်ခံခဲ့ရသောကြောင့် ၂၁ နှစ်အရွယ် တရုတ်မိန်းခလေးကို ပြန်လည်ကယ်တင်ခဲ့ခြင်းဖြစ်ကြောင်း khaosod English အွန်လိုင်း သတင်းက ဖော်ပြသည်။
Wu Jiaqi နှင့် ၄င်းသူငယ်ချင်းတို့သည် ဇန်နဝါရီလ ၆ ရက်နေ့ နံနက်က ဘန်ကောက်ကို ရောက်လာခဲ့ပြီး နောက်တရက်တွင် ဟော်တယ်ကို တိုရိုတာကား အဖြူတစီးနှင့် လူတချို့ လာခေါ်လာရောက်ခေါ်ဆောင် သွားခဲ့သည်ကို CCTV လုံခြုံရေးကင်မရာမှ ထိုင်းရဲက တွေ့ရှိခဲ့သည်။
မြန်မာနယ်စပ်မှာ လစာငွေ ကောင်းကောင်းရမည်ဟု တရုတ်နိုင်ငံသားတွေကို ဖျားယောင်းပြီး အွန်လိုင်းငွေကြေး လိမ်လည်သည့်လုပ်ငန်းများ၌ အဓမ္မ ခိုင်းစေခံနေရသည့် သတင်းများထွက် ပေါ်နေသလို ဒေသအတွင်း လူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့များအနေဖြင့် တရုတ်နိုင်ငံသား ၃၉၀၀ ခန့် ထိုင်းမြန်မာနယ်စပ်ရှိ အွန်လိုင်းငွေကြေး လိမ်လည်သည့်လုပ်ငန်းများတွင် အဓမ္မခိုင်းစေခံနေရသည်ဟု ခန့်မှန်းထားပါသည်။
တရုတ်အစိုးရအနေဖြင့် ဟောင်ကောင်မှ လုံခြုံရေးဗျူရို (SB) အထူးတပ်ဖွဲ့တစ်ဖွဲ့ ကို ထိုင်းနိုင်ငံသို့ စေလွှတ်ပြီး ဖြန့်ကြက်ချထားခဲ့ကြောင်း၊ ၄င်းအထူးတပ်ဖွဲ့ဝင်များသည် ထိုင်းနိုင်ငံရှိ တရုတ်သံရုံးမှ အရာရှိများ၊ ထိုင်းပြည်ထဲရေးဝန်ကြီးဌာနမှ အရာရှိများ အပါအဝင် ထိုင်းကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့ပြီး အပြည့်အဝ ပူးပေါင်းဆောင်ရွက်ကြရန် ဆွေးနွေးခဲ့ကြောင်း Hong Kong Free Press က ဇန်နဝါရီ ၁၂ ရက်တွင် ဖော်ပြခဲ့သည်။