ကျိုက်ထို- ၂၀၂၅ ဇန်နဝါရီ (၁၄) မွန်ပြည်နယ် ကျိုက်ထိုနှင့် ဘီးလင်းမြို့နယ်အတွင်း စစ်ကောင်စီမှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ (၂) ဦးသေဆုံးကာ (၄) ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ (၃) ရက်နေ့ နံနက် (၈) နာရီအချိန်ခန့်က ဘီးလင်းမြို့နယ် နတ်ကြီးကျေးရွာအခြေစိုက် စစ်ကောင်စီတပ်စခန်းမှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ နတ်ကြီးကျေးရွာ ကွက်သစ်ပိုင်းအတွင်းသို့ လက်နက်ကြီးကျည်တစ်လုံးကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
“လက်နက်ကြီးကျတဲ့နေရာအနီးမှာရှိနေတဲ့ အသက် (၅၅) နှစ်အရွယ် ဦးသန်းထွန်း နဲ့ သူ့ရဲ့တူမဖြစ်တဲ့ အသက် (၂၈) နှစ်အရွယ် မသဲအိစိုး တို့ကတော့ နေရာမှာပဲ သေဆုံးခဲ့ကြပါတယ်။ အဲ့ဒီအပြင် အမျိုးသမီး (၃) ဦးလည်း ထိခိုက်ဒဏ်ရာတွေရရှိခဲ့ပါတယ်” ဟု ၎င်းဒေသခံက ဆက်လက်ပြောကြားသည်။
အလားတူ ပြီးခဲ့သည့် ဇန်နဝါရီလ (၁၀) ရက်နေ့ကလည်း ကျိုက်ထိုမြို့အခြေစိုက်၊ တပ်မ (၄၄) ဌာနချုပ်မှ တိုက်ပွဲမရှိဘဲ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ ငှက်ပျောတောကျေးရွာအတွင်းသို့ လက်နက်ကြီးကျည်တစ်လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်းနှင့် လက်နက်ကြီးပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ၊ နေအိမ်တစ်လုံးမှာလည်း မီးလောင်ပျက်ဆီးခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။
ကောင်းဝါ၏ သတင်းမှတ်တမ်းအရ ပြီးခဲ့သည့် (၂၀၂၄) ခုနှစ်က မွန်ပြည်နယ်အတွင်း စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့်ရမ်းသမ်းပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ (၃၀) ဦးထက်မနည်း သေဆုံးခဲ့ကာ၊ (၁၃၀) ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင်၊ သာသနိကအဆောက်အအုံများ၊ စာသင်ကျောင်းများ၊ လူနေအိမ်များလည်း ထိခိုက်ပျက်ဆီးမှုများစွာရှိခဲ့သည်။
See insights and ads
All reactions:
2828