ရေး- ၂၀၂၅ ဇန်နဝါရီ(၁၄)
ရေးမြို့နယ် အရှေ့ပိုင်းဒေသတဝိုက်တွင် လတ်တလော တိုက်ပွဲများနေ့စဥ်ဖြစ်ပွားလျက်ရှိရာ မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေသို့ ကနဦးရောက်ရှိလာသော ကျုံလောင်းစစ်ရှောင်များအတွက် လိုအပ်ချက်များကို မွန်ကယ်ဆယ်ရေးနှင့်ဖွံ့ဖြိုးရေးစင်တာ MRDC က ကူညီထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိသည်။
ကျုံလောင်းကျေးရွာနှင့် အနီးတဝိုက်ရှိ ကျောက်မိချောင်းနှင့် ဝယ်ပေါင်ရွာမှ ကနဦးထွက်ပြေးလာသော စစ်ရှောင် ၄၀၉ ဦးအား စာရင်းကောက်ယူနိုင်ခဲ့ပြီး ၄င်းတို့အတွက် ဆန်၊ ဆီ၊ ငါးသေတ္တာနှင့် စားသောက်စရာများအပြင် ကျန်းမာရေးစောင့်ရှောက်ခြင်းနှင့် လိုအပ်သောဆေးဝါးများကို ထောက်ပံ့ပေးခဲ့ကြောင်း ဇန်နဝါရီ ၁၂ ရက်နေ့က မွန်ပြည်သစ်ပါတီလက်အောက်ခံ MRDC သတင်းထုတ်ပြန်ချက်အရ သိရသည်။
ရေး -ကျောင်းရွာ၊ ရေး-ကျုံလောင်းလမ်းပိုင်းများကို စစ်ကောင်စီတပ်က အသွားအလာပိတ်ဆို့ထားပြီး ဆန်နှင့် အခြားရိက္ခာသယ်ဆောင်ခွင့်ကိုပါ ကန့်သတ်ထားသဖြင့် စစ်ရှောင်များနှင့် ဒေသခံများ စားနပ်ရိက္ခာအခက်အခဲဖြစ်နေကြောင်း သိရသည်။
တော်လှန်ရေးမဟာမိတ်ပူးပေါင်းအဖွဲ့က ရေးမြို့ကို ဝင်ရောက်တိုက်ခိုက်လာမည်ကို စိုးရိမ်ရသဖြင့် ဇန်နဝါရီ ၈ ရက်နေ့မှ စတင်၍ စစ်ကောင်စီတပ်ဖွဲ့က ကျုံလောင်းကျေးရွာတဝိုက်သို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း၊ တော်လှန်ရေးမဟာမိတ်ပူးပေါင်းအဖွဲ့က စောင့်ကြိုပစ်ခတ်ရာ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့ အထိနာပြီး အသေအပျောက်များခဲ့ကြောင်း၊ ဇန်နဝါရီ ၁၁ ရက်နေ့က စစ်ကောင်စီ၏ ဂျက်ဖိုက်တာဖြင့် လာရောက်ဗုံးကြဲခဲ့သော်လည်း ပစ်မှတ်များလွဲချော်ခဲ့ကြောင်း မြေပြင်သတင်းအရ သိရသည်။
တော်လှန်ရေးမဟာမိတ်ပူးပေါင်းအဖွဲ့တွင် မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP(AD), မွန်ပြည်တော်လှန်ရေးတပ်ဖွဲ့ MSRF, မွန်ပြည်ကာကွယ်ရေးတပ်ဖွဲ့ MSDF, မွန်ပြည်လွတ်မြောက်ရေးတပ်မတော် MLA, NUG-PDF လက်အောက်ခံ ဒေါနစစ်ကြောင်း၊ ABSDF၊ ဒေသအခြေစိုက် KNU တပ်ဖွဲ့တို့ပါဝင်နေသည်ဟု သိရပြီး စစ်ကောင်စီ၏ စကခ (၁၉) လက်အောက်ခံ စစ်ကြောင်းနှင့် ယနေ့အထိ တိုက်ပွဲများ နေ့စဥ်ဆက်တိုက် ဖြစ်ပေါ်လျက်ရှိသည်။
#ကျုံလောင်း #စစ်ရှောင်များ #မွန်ကယ်ဆယ်ရေးနှင့်ဖွံ့ဖြိုးရေးစင်တာ #တော်လှန်ရေးမဟာမိတ်ပူးပေါင်းအဖွဲ့ #MRDC
Photo- ကျုံလောင်စစ်ရှောင်များကို MRDC ကူညီထောက်ပံ့မှု (MRDC)