ကောင်းဝါ- ဇူလိုင် ၆၊၂၀၂၃။
ထားဝယ် – သရက်ချောင်း ကားလမ်း ညောင်ဇင်ကျေးရွာ မူလတန်းကျောင်းအနီး ကားလမ်းဘေးတွင် ယမန်နေ့ (ဇူလိုင် ၅ ရက်) နံနက်ပိုင်းက သေနတ်ဒဏ်ရာဖြင့် သေဆုံးနေသည့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းတွေ့ရှိခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များ အရ သိရသည်။
သေနတ်ဒဏ်ရာဖြင့် သေဆုံးနေသူမှာ သရက်ချောင်းမြို့နယ် ပိန်းတောကျေးရွာ မှ ဦးဇော်နိုင် ဆိုသူဖြစ်ကြောင်း၊ မည်သည့်လက်နက်ကိုင်အဖွဲ့က မည်သည့်အကြောင်းကြောင့် သေနတ်ဖြင့် ပစ်သတ်သွားသည်ကို မသိရသေးကြောင်း ဒေသခံတစ်ဦး ကပြောကြားသည်။
“ညောင်ဇင်ကျေးရွာ စာသင်ကျောင်းအနီးမှာ လူတစ်ယောက် ဆိုင်ကယ်နဲ့အတူလဲကျနေတယ်ဆိုလို့ သွားကြည့်ကြတာ ဦးဇော်နိုင် ဆိုသူ သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတာကို တွေ့ရတာပါ။ သူက အသက် (၅၀) နှစ် ဝန်းကျင်လောက်ရှိမယ်” ဟု ၎င်းကပြောကြားသည်။
သေနတ်ပစ်သတ်ခံရပြီး သေဆုံးခဲ့သည့် ဦးဇော်နိုင် ၏ သူ့ရုပ်အလောင်းကအား လူနာတင်ယာဉ်ဖြင့် ထားဝယ်မြို့ဘက်သို့ တင်ဆောင်သွားကြောင်း။ဒေသခံများ၏ ပြောကြားချက်များ အရ သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လ (၃) ရက် ညပိုင်းကလည်းသရက်ချောင်းမြို့နယ်၊ ကဇိကျေးရွာ အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးညိုစိုး မှာလည်း ၎င်း၏နေအိမ်မှာပင် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်း နှင့် ၎င်းအား မည်သည့် လက်နက်ကိုင်အဖွဲ့က ပစ်သတ်ခဲ့သည်ကို မသိရသေးပေ။
ပုံစာ – သေနတ်ဒဏ်ရာဖြင့် သေဆုံးနေသည့် ဦးဇော်နိုင် ၏ ရုပ်အလောင်းအားတွေ့ရစဉ်။