ကျိုက်မရော- ၂-၂၅ ဇန်နဝါရီ (၁၂)
ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွကျေးရွာအုပ်စု မရမ်းကုန်းကျေးရွာအဝင်လမ်းဝ၌ ရွာခံလင်မယား (၂) ဦး မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲမှုကြောင့် အမျိုးသားဖြစ်သူ သေဆုံးကာ၊ အမျိုးသမီးဖြစ်သူ ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ (၉) ရက်နေ့ ညနေ (၄) နာရီအချိန်ခန့်က အဆိုပါ မရမ်းကုန်းကျေးရွာနေ ရွာခံလင်မယား (၂) ဦးမှာ လယ်ကွင်းထဲသို့ မြေဩဇာကြဲပက်ပြီး သုံးဘီးဆိုင်ကယ်ဖြင့် ပြန်လာစဉ် မရမ်းကုန်းကျေးရွာ အဝင်လမ်းဝ၌ မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
“သူတို့က ရွာထိပ်လမ်းဝကုန်းအတက်မှာ သုံးဘီးဆိုင်ကယ်ကို ဆင်းတွန်းကြတဲ့အချိန်မှာ အမျိုးသားဖြစ်သူ ကိုချစ်မကုန် က မြေမြှုပ်မိုင်းနင်းမိခဲ့တာပါ။ မိုင်းပေါက်ကွဲမှုဖြစ်ပြီးတော့ ကိုချစ်မကုန် နဲ့ ဇနီးဖြစ်သူကို မော်လမြိုင်ပြည်သူ့ဆေးရုံကို ပို့ဆောင်တဲ့အချိန်မှာ ကိုချစ်မကုန် လမ်းမှာပဲ သွေးထွက်လွန်ပြီး သေဆုံးခဲ့တာပါ။ အမျိုးသမီးဖြစ်သူက ထိခိုက်ဒဏ်ရတွေရရှိခဲ့ပြီး ဆေးကုသမှုခံယူနေရပါတယ်” ဟု ၎င်းဒေသခံက ဆက်လက်ပြောကြားသည်။
မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲမှုကြောင့် သေဆုံးခဲ့ရသည့် မရမ်းကုန်းကျေးရွာဒေသခံ ကိုချစ်မကုန် ၏ ရုပ်အလောင်းအား ဇန်နဝါရီလ (၁၀) ရက်နေ့က ကျေးရွာရှိ သုဿာန်၌ သင်္ဂြိုဟ်ခဲ့ကြောင်း ၎င်းဒေသခံက ဆိုသည်။
ပြီးခဲ့သည့် (၂၀၂၃) ခုနှစ် နိုဝင်ဘာလ (၁၀) ရက်နေ့မှ ဒီဇင်ဘာလ (၂၉) ရက်နေ့အထိ ချောင်းနှစ်ခွဒေသအတွင်းဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ချောင်းနှစ်ခွကျေးရွာအပါအဝင် ချောင်းနှစ်ခွဒေသအတွင်းရှိ ကျေးရွာများမှ ဒေသခံပြည်သူ ထောင်နှင့်ချီကာ နေရပ်စွန့်ခွာ စစ်ဘေးတိမ်းရှောင်နေကြရဆဲဖြစ်သည့်အပြင် ယင်းဒေသအတွင်း စစ်လက်ကျန်ပစ္စည်းများကြောင့် ဒေသခံပြည်သူများ ထိခိုက်သေဆုံးမှုများရှိနေကြဆဲဖြစ်ကြောင်းလည်း ဒေသခံပြည်သူများ၏ ပြောကြားချက်များအရ သိရသည်။
“ချောင်းနှစ်ခွဒေသအတွင်းမှာ တိုက်ပွဲတွေမရှိတော့ပေမယ့်၊ ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် ချောင်းနှစ်ခွရွာတောင် ရွာပျက်ကြီလိုဖြစ်သွားပြီး။ နောက်ပြီး စစ်ကျန်ပစ္စည်းတွေကြောင့်လည်း ဒေသခံပြည်သူတွေထိခိုက်မှုတွေ၊ သေဆုံးမှုတွေရှိနေဆဲပဲ။ အဲ့ဒီတော့ ဒေသခံပြည်သူတွေက စားဝတ်နေရေးအတွက်က လုပ်ကိုင်ရှာဖွေစားသောက်နိုင်ဖို့က အခက်အခဲတွေအများကြီးဖြစ်နေကြတယ်” ဟု ယင်းချောင်းနှစ်ခွဒေသခံတစ်ဦးက ပြောကြားသည်။
ပြီးခဲ့သည့် (၂၀၂၄) ခုနှစ်၌ မွန်ပြည်နယ်အတွင်း မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲမှုများကြောင့် အရပ်သားပြည်သူ (၁) ဦးသေဆုံးကာ (၁၀) ဦးထက်မနည်းထိခိုက်ဒဏ်ရာများပြင်းထန်စွာရရှိခဲ့ကြကြောင်း သိရသည်။
See insights and ads
All reactions:
1111