ဘန်ကောက်- ၂၀၂၅ ဇန်နဝါရီ (၁၀)
လူကုန်ကူးခံရသည့် တရုတ် သရုပ်ဆောင်တစ်ဦး ပြန်လွတ်လာချိန်တွင် နောက်ထပ် နာမည်ကျော်တရုတ်မော်ဒယ်တစ်ဦး ထိုင်း-မြန်မာနယ်စပ်တွင် ထပ်မံပျောက်ဆုံးနေသဖြင့် ထိုင်းရဲက စုံစမ်းရှာဖွေနေကြောင်း ထိုင်းအွန်လိုင်းသတင်းဌာနများက ဇန်နဝါရီ ၉ ရက်နေ့တွင် ရေးသားနေကြသည်။
ရုပ်ရှင်ရိုက်ကူးရေးအတွက် ကမ်းလှမ်းခံရသဖြင့် တရုတ်မော်ဒယ် Yang Zeqi မှာ ပြီးခဲ့သည့် ဒီဇင်ဘာ ၂၀ ရက်နေ့ကတည်းက ပေကျင်းမှ ဘန်ကောက် သုဝဏ္ဏဘူမိလေဆိပ်သို့ ရောက်လာပြီး ထိုင်း-မြန်မာနယ်စပ်ဘက်သို့ ကားဖြင့် ခေါ်ဆောင်သွားခြင်းခံရသည်ဟု သတင်းများ ရေးသားသည်။
မကြာသေးမီက လူကုန်ကူးခံရပြီး ပြန်လွတ်လာသော တရုတ်မင်းသား Xingxing နယ်စပ်ရောက်သွားသည့် ပုံစံနှင့် တူညီနေသည်ဟု ဆိုသည်။
အဆိုပါ တရုတ်မော်ဒယ်က ဒီဇင်ဘာ ၂၁ တွင် စိတ်ပျက်လက်ပျက် ဖြစ်နေသည်ဟု မိတ်ဆွေများထံ စာပို့ခဲ့ကြောင်း၊ ၂၉ ရက်နေ့တွင်မူ မိခင်ဖြစ်သူနှင့် အွန်လိုင်းတွင် တွေ့ဆုံစဉ် လုံခြုံဘေးကင်းကြောင်း ပြောခဲ့သော်လည်း မျက်လုံးတွင် ဒဏ်ရာ ရှိနေသည်ဟု ဆိုသည်။
တရုတ်မော်ဒယ်၏ဖုန်းနှင့် အဆက်အသွယ် ပြတ်တောက်သွားပြီးနောက် မိသားစု ဆွေမျိုးများက ၎င်းပြန်လည်လွတ်မြောက်ရေးအတွက် တရုတ်ရဲတပ်ဖွဲ့၊ ထိုင်း၊ မြန်မာတို့ရှိ တရုတ်သံရုံးများသို့ ဆက်သွယ် အမှုဖွင့်ထားကြသည်ဟု ဆိုသည်။
မြန်မာနယ်စပ်တွင် ပိတ်မိနေသူ ၁၇၄ ဦး ပြန်လည်လွတ်မြောက်ရေးအတွက် အကူအညီပေးရန် ထိုသူတို့၏ မိသားစုများက ပူးတွဲရေးသားထားသည့် စာတစ်စောင် အွန်လိုင်းတွင် ယနေ့ ပျံ့နှံ့နေကြောင်း တရုတ်အစိုးရအာဘော် Global Times သတင်းတွင် ရေးသားထားသည်။
ထိုင်းမြန်မာနယ်စပ်တွင် အွန်လိုင်းရာဇဝတ်ဂိုဏ်းများက နိုင်ငံတကာမှ အလုပ်အကိုင်ရှာဖွေသူများကို လိမ်ညာခေါ်ယူကာ ကျွန်ပြု ခိုင်းစေလျက်ရှိကြောင်း၊ ထိုရာဇဝတ်မှုများ မည်သည့်မြို့နယ်များတွင် အခြေစိုက် လုပ်ကိုင်နေကြောင်း အများသိ ဖြစ်သော်လည်း လက်နက်ကိုင်အဖွဲ့များက အကာအကွယ်ပေးထားသဖြင့် လုပ်ငန်းများ ဆက်လက် လည်ပတ်နေကြောင်း သိရသည်။