မဲဆောက်- ၂၀၂၅ ဇန်နဝါရီ (၉)
မြန်မာနယ်စပ်၌ လူကုန်ကူးခံရသော တရုတ်မင်းသား Wang Xing ကို ပြန်ရှာဖွေတွေ့ရှိသောနေရာမှာ သတင်းများတွင်ရေးသားဖော်ပြနေသည့် ရွှေကုက္ကိုနေရာမဟုတ်ကြောင်း KNA ပြောခွင့်ရ ဗိုလ်မှူးနိုင်မောင်ဇော်က BBC မြန်မာပိုင်းသို့ ငြင်းဆိုပြောကြားလိုက်သည်။
ကရင်အမျိုးသားတပ်မတော် KNA က Wangxing ကို ၄င်းတို့ ကူညီရှာဖွေပေးခဲ့ပြီး လွတ်မြောက်ရေးကို ကြားဝင် ကူညီပေးခဲ့ကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။
”ဒီကိစ္စကို ကျွန်တော်တို့ဆီက ရအောင်ရှာပေးလိုက်တာဖြစ်တယ်။ သတင်းတွေမှာရေးနေတာက ရွှေကုက္ကိုဆိုပြီး ဇောင်းပေးပြီးတော့ ရေးနေကြတယ်။ အမှန်တကယ်က ရွှေကုက္ကိုမှာတွေ့တာမဟုတ်ဘူး။ အဲ့ဒါကတော့ ကျွန်တော် အခိုင်အမာပြောရဲတယ်။ အဓိကတော့ သူလာရာလမ်းကိုကျွန်တော်တို့လိုက်ရတာပေါ့နော်။ သူလာရာလမ်းကနေ ပြန်ပြီးတော့တွေ့တာပေါ့”
ရွှေကုက္ကိုသည် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံနယ်စပ်၊ ကရင်ပြည်နယ်၊ မြဝတီမြို့၏ မြောက်ဘက်ဆယ်မိုင်အကွာ (၁၅ ကီလိုမီတာခန့်) အကွာတွင်တည်ရှိပြီး တရုတ်မင်းသား ရောက်သွားခဲ့သည့် နေရာမှာ မြဝတီမြို့၏ တောင်ဘက် ၁၀ မိုင်ခန့်အကွာ မင်းလက်ပံရွာနှင့် အင်ကြင်းမြိုင် ရွာကြား၌ တည်ရှိ ဒွန်မေး (Dongmei) ဆိုသည့် လောင်းကစားရုံအနီးဖြစ်ကြောင်း သတင်းများက ဖော်ပြသည်။
သို့ရာတွင် ဒွန်မေး (Dongmei) ဆိုသည့် ၄င်းလောင်းကစားရုံမှာ KK Park နှင့် အလားတူ KNA ဗိုလ်မှူး သိန်းဝင်း၏ ဩဇာခံနယ်မြေဖြစ်နေကြောင်း၊ ဗိုလ်မှူးကြီး စောချစ်သူဦးဆောင်သော KNA – ကရင်အမျိုးသားတပ်မတော် (ယခင် ကရင်နယ်ခြားစောင့်တပ် – BGF) ထိန်းချုပ်ထားသည့်နေရာဖြစ်ကြောင်း ထိုင်းသတင်းများက ရေးသားသည်။
တရုတ်မင်းသား Wang Xing မှာ ဇန်နဝါရီ ၃ ရက်နံနက်စောစောက ဘန်ကောက်သုဝဏ္ဏဘူမိလေဆိပ်သို့ ရောက်ရှိလာပြီး မဲဆောက်မြို့သို့ ထွက်ခွာသွားကြောင်း၊ လှေငယ်တစ်စင်းဖြင့် နယ်စပ်သောင်းရင်းမြစ်ကို ဖြတ်ကျော်ခဲ့ပြီး ကျားဖြန့်လုပ်ငန်းနေရာသို့ရောက်ရှိသွားကာ ခေါင်းရိတ်ခံရလိုက်ကြောင်း၊ ထိုနောက် ဇန်နဝါရီ ၇ ရက်မှာ ဝမ်းရှင်းရှိနေသည့်နေရာကို မဲဆောက် ရဲတပ်ဖွဲ့က သိခဲ့ပြီး ထိုင်းဘက်ကို ပြန်ခေါ် နိုင်ခဲ့ခြင်းဖြစ်ကြောင်း သတင်းများက ဖော်ပြသည်။
Source-BBC