ရေးမြို့နယ် မော့ကနင်ကျေးရွာ နှင့် ကနင်ကမော့ကျေးရွာကြား ရေး – သံဖြူဇရပ် ကားလမ်းပေါ်ရှိ ကွမ်ကျိုက်တံတား၌ တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့အား မွန်ပြည်သစ်ပါတီ (အာဏာရှင်တိုက်ဖျက်ရေး) NMSP (AD) နှင့် မဟာမိတ်ပူးပေါင်းအဖွဲ့မှ ယမန်နေ့ နံနက်အစောပိုင်းအချိန်က သွားရောက်တိုက်ခိုက်ခဲ့ရာ နှစ်ဖက်ကျဆုံးထိခိုက်မှုရှိကြောင်း သတင်းရရှိသည်။
ဒီဇင်ဘာလ (၁၇) ရက်၊ နံနက် (၅) နာရီခွဲအချိန်ခန့်က အဆိုပါ ကွမ်ကျိုက်တံတား၌ တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့အား NMSP (AD) နှင့်အတူ မွန်ပြည်တော်လှန်ရေးတပ် (MSRF) ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၏ ဒေါနစစ်ကြောင်း အပါအဝင် ပူးပေါင်းတပ်ဖွဲ့များမှ ဝိုင်းဝန်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ နှစ်ဖက်ပစ်ခတ်မှု အချိန် (၃) နာရီခန့် ကြာမြင့်ခဲ့ကြောင်း၊ နှစ်ဖက်ထိခိုက်မှုများရှိခဲ့သည်ဟု ကြားသိရကြောင်း တော်လှန်ရေးဘက်တော်သား သတင်းအရင်းမြစ်တစ်ဦးက ပြောကြားသည်။
“တိုက်ပွဲက မနက် (၈) နာရီကျော်ကျော်လောက်အထိကို ဖြစ်ခဲ့တာပါ။ စခန်းသိမ်းနိုင်ခဲ့တယ် ဒါပေမယ့် အောင်မြင်စွာနဲ့ ပြန်လည်ဆုတ်ခွာလာရတာပေါ့၊ ဆေးရုံသတင်းအရ စကစဘက်က တပ်ခွဲမှူး ဗက တစ်ဦးနဲ့ တပ်ဖွဲ့အချို့ကျ အရေအတွက်မသိရသေး၊ လက်နက် တစ်လက်ရ၊ တော်လှန်ရေးပူးပေါင်းအဖွဲ့ NMSP (AD) က တစ်ယောက်ကျ နာမည်က စိုက်ချမ်း၊ ၂ ယောက်ဒဏ်ရာရ၊ PDF တစ်ယောက်ကျ” ဟု ၄င်းက ပြောကြားသည်။
သို့ရာတွင် အဆိုပါတိုက်ပွဲအတွင်း ထိခိုက်ကျဆုံးသတင်းအား NMSP (AD) က အတည်ပြုပြောဆိုခြင်း မရှိသေးပေ။
ထို ကွမ်ကျိုက်တံတား တိုက်ပွဲဖြစ်ပွားနေစဉ် စစ်ကောင်စီဘက်မှ မော့ကနင်ရွာသစ်အခြေစိုက် အမတ – ၃၁၇ အမြှောက်တပ်ရင်းအပြင်၊ မော့ကနင်အခြေစိုက် ခလရ – ၁၀၆ တပ်ရင်းတို့မှ လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်ခဲ့ကြောင်းသည်။
သို့ရာတွင် စစ်ကောင်စီလော်ဘီ တယ်လီဂရမ်သတင်းတွင်မူ “ရေးမြိုနယ် ကွမ်ကျိုက်တံတား၌ လုံခြုံရေးဆောင်ရွက်နေစဉ် နေရာ ၃ နေရာမှ KNLA တမဟ(၆) ၊ ရင်း(၁၆) နှင့် ရန်သူအင်အား ၉၀ ဦးခန့်က ပစ်ခတ်တိုက်ခိုက်သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့ရာ ဆုတ်ခွာထွက်ပြေးသွားခဲ့” ဟု ရေးသားဖော်ပြခဲ့သည်။
၎င်းတိုက်ပွဲကြောင့် ရေး – သံဖြူဇရပ်ကားလမ်းပိုင်းအား ပိတ်ထားခဲ့ရပြီး၊ နံနက် (၁၁) နာရီအချိန်ခန့်မှသာ မော်တော်ယာဉ်များ ပြန်လည်သွားလာနိုင်ခဲ့ကြောင်း ကားသမားများထံမှ သိရသည်။
“ရေး – သံဖြူဇရပ်ကားလမ်းပိုင်းကမှာ ရေးမြို့နယ်ဘက်ခြမ်းမှာက မနက် (၆) နာရီထိုးပြီးမှ ကားတွေ သွားလို့ လာလို့ရတယ်။ ကွမ်ကျိုက်တံတားမှာက မနက် (၈) နာရီကျော်ကျော်လောက်အထိကို တိုက်ပွဲဖြစ်ပွားခဲတာလို့ သိရတယ်။ ပစ်ခတ်မှုတွေ ပြီးသွားပေမယ့် အခြေအနေတွေ စောင့်ကြည့်နေကြရသေးတယ်။ အခြေအနေတွေ တည်ငြိမ်သွားတော့မှ ကားတွေ သွားလာလို့ ပြန်ရတာပါ” ဟု ကားသမားတစ်ဦးက ပြောကြားသည်။
မော်တော်ယာဉ်များ ပြန်လည်သွားလာ၍ ရချိန်တွင်လည်း စစ်တပ်ဘက်မှ လုံခြုံရေးတင်းကြပ်ထားကာ၊ စစ်ဆေးမှုများအား တင်းတင်းကြပ်ကြပ်လုပ်ဆောင်ခဲ့ကြောင်းလည်း ၎င်းကားသမားက ဆိုသည်။