ရေးမြို့နယ်အတွင်း ဒီဇင်ဘာလ ၁၂ ရက်မှ ၁၆ ရက်နေ့အတွင်း CDM ဆရာများအပါအဝင် လူ ၇ ဦးကို စစ်ကောင်စီက အင်အားသုံးဖမ်းဆီးခဲ့ပြီး ငွေကြေးများပါ ယူဆောင်သွားခဲ့ကြောင်းသိရသည်။
ဒီဇင်ဘာလ ၁၂ ရက်နေ့က ရေးမြို့နယ် အစင်စံပြကျေးရွာရှိ CDM ဆရာတစ်ဦးနှင့် ဆရာမနှစ်ဦးတို့ကို အင်အား ၂၀ ကျော်ဖြင့် စစ်ကောင်စီက ယင်းတို့၏ နေအိမ်များတွင် အတင်းအဓမ္မလာရောက်ခေါ်ဆောင်ဖမ်းဆီးခဲပြီး နေအိမ်များအတွင်း ဝင်ရောက်မွှေနှောက်ရှာဖွေကာ ဖုန်းနှင့် ငွေကြေးများပါ ယူဆောင်သွားခဲ့ကြောင်း အစင်ကျေးရွာနေ ဒေသခံတစ်ဦးက ပြောကြားသည်။
“ဆရာတစ်ဦးနဲ့ ဆရာမနှစ်ဦးကို သူတို့ရဲ့နေအိမ်မှာပဲ အင်အားသုံးပြီး အတင်းကို ဝင်ဖမ်းတာ၊ အတော်ဆိုးဆိုးဝါးဝါးပဲ၊ အင်အားက ၂၀ ကျော်လောက်လာတယ်၊ ရဲရော၊ စစ်သားရောပဲ၊ နေအိမ်တံခါးကို ကန်ဖွင့် ဘာမှ ပြန်မလုပ်နိုင်တဲ့သူကို အတင်းဖမ်း၊ နောက်သေနတ်ဒင်နဲ့ပါ ထုတာ၊ အဖမ်းခံရတဲ့ အထက်ပြဆရာမတစ်ဦးဆို သေနတ်ဒင်နဲ့ထုလို့ အတော်လေး ထိသွားတယ်၊ ဖမ်းတဲ့ အချိန်တုန်းက ဖုန်းမရလို့ဆိုပြီး တစ်နေကုန် ညအထိကို အဲ့နားပတ်ဝန်းကျင်အိမ်တွေကိုပါ မွှေနှောက်ရှာသွားတာ” ဟု အစင်ကျေးရွာနေ ဒေသခံတစ်ဦးက ပြောကြားသည်။
အဆိုပါ ဖမ်းဆီးခံရသည့် ဆရာ/ဆရာမများကို ယနေ့အချိန်အထိ တွေဆုံခွင့်မရသေးသည့်အပြင် နောက်တစ်နေ့တွင်လည်း အစင်ကျေးရွာအနီး ပတ္တမြားတန်းကျေးရွာက ရေလုပ်ငန်းရှင်တစ်ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရပြီး ငွေကြေးနှင့် ပိုင်ဆိုင်မှုများကိုပါ သိမ်းဆည်းသွားကြောင်း အဆိုပါ ဒေသခံက ဆက်လက်ပြောကြားသည်။
ရေးမြို့နေ ဒေသခံပြည်သူတစ်ဦးက “လက်ရှိ သူတို့ သတင်းအတိအကျရတာနဲ့ တစ်ခါတည်းဖမ်းပြီး စစ်မိန့်နဲ့ကို ရက်ပိုင်းအတွင်း အမိန့်ချနေတာ၊ သူတို့နဲ့ ဆက်စပ်ပြီး မိလာတဲ့သူ၊ သက်သေ မခိုင်လုံပေမယ့် အဖမ်းခံနေသူတွေကတော့ သက်ဆိုင်ရာရဲတွေကတဆင့် အဆင့်ဆင့် သိန်းဆယ်နဲ့ချီပေးရင်တော့ လွှတ်ပေးနေတယ်၊ ဒါမြေပြင်မှာ အမှန်တကယ်ကို ဖြစ်နေတာ” ဟု ပြောသည်။
ထို့ပြင် ရေးမြို့နယ်၊ လမိုင်းမြို့၊ မော့ကနင်ကျေးရွာတွင် ယခုလ ၁၃ ရက်နေ့က ရွာလမ်းဆုံအနီး ကွမ်းယာနှင့် အထွေထွေရောင်းဝယ်သူ ဦးစိုးနှင့်ဇနီးဖြစ်သူကို စစ်တပ်က လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ၁၄ ရက်နေ့တွင် သမီးဖြစ်သူ မသင်းသင်းကိုပါ ဆက်လက်ဖမ်းဆီးခေါ်ဆောင်ခဲ့သည့်အပြင် နေအိမ်တစ်ခုလုံး မွှေနှောက်ရှာဖွေခြင်းခံရကာ ငွေကြေးများပါ ယူဆောင်သွားခြင်းခံရကြောင်း ၎င်းတို့နှင့် နီးစပ်သူများက ပြောကြားသည်။