မွန်ပြည်နယ်၊ မော်လမြိုင်မြို့က မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးခွဲက နိုင်ငံကူးလက်မှတ်သက်တမ်းတိုးသူအားလုံးကို ဒဏ်ကြေးငွေကျပ် ၇ သောင်းခွဲမှ ၁ သိန်းအထိ ကောက်ခံနေကြောင်း သိရသည်။
မည်သည့်နိုင်ငံမှ မသွားရသေးသည့် သက်တမ်းကုန်ဆုံးခါနီး နိုင်ငံကူးလက်မှတ်စာအုပ်များအပြင် သက်တမ်းလွန်ပြီး စာအုပ်အသစ် ပြန်လည်လျှောက်ထားသူအားလုံးကို အဆိုပါရုံးမှ စာအုပ်များ ပျက်စီးသည်ဟုဆိုကာ ငွေကြေးများ ပေးဆောင်ခိုင်းနေကြောင်း သက်တမ်းတိုးသွားရောက် လုပ်ဆောင်ခဲ့သူများက ပြောကြားသည်။
မုဒုံမြို့နေ လုပ်ငန်းရှင်တစ်ဦးက “သက်တမ်းကုန်နေပြီမို့ သက်တမ်းသွားတိုးတာ ပျက်စီးဆိုပြီး တုံးထုချလိုက်တယ်၊ ဘာချလံမှ မပေးဘဲနဲ့ ဒဏ်ငွေ ရှစ်သောင်းအရှေ့မှာ သွင်းလိုက်ပါဆိုပြီး ပြောတယ်၊ ဘာလို့လဲမေးတော့ စာအုပ်က မှိုတက်နေပြီ၊ စွန်းနေတယ်၊ စတာပလာအရာတွေနဲ့ ဆိုပြီးမရဘူး၊ ပေးရမယ်ဆိုလို့ ပြဿနာဖြစ်ရင် သူတို့ကြောင့် ခရီးစဉ် အခက်အခဲဖြစ်မှာမို့ ပေးခဲ့လိုက်ရတယ်၊ ကျွန်တော့်မိတ်ဆွေတွေအားလုံးလဲ ထိကြတယ်၊ အချို့ဆို လိုလိုမယ်မယ် လုပ်ထားပြီး သက်တမ်းကုန်ဖို့ ၆ လအလိုမှာမှ သွားလုပ်ကြတယ်၊ လုပ်သူတိုင်း ပေနေတဲ့ ဒဏ်ကြေးဆောင်ဆိုပြီး မိတ်ဆွေအမျိုးသမီးဆို တစ်သိန်း ပေးလိုက်ရတယ်၊ နိုင်ငံခြားခရီးစဉ်တိုင်းမှာ လေဆိပ်က စတာပလာနှိပ်ပေးလိုက်တာတို့ စာရေးလိုက်တာတို့၊ တုံးထုတာတို့ဆိုတာရှိတယ်လေ၊ နောက်ပြီး စာအုပ်ကလည်း အသစ်ထုတ်ပေးမှာဆိုတော့ ဒါတွေက မလိုတော့ဘူးလေ၊ ပြည်သူ့မျက်နှာကြည့်တဲ့ တာဝန်ရှိလူကြီးတွေ ဒါကို စစ်ဆေးအရေးယူပေးစေချင်တယ်” ဟု ပြောကြားသည်။
မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့ထုတ်ပြန်ချက်အရ စွန်းထင်းခြင်း၊ ရေစိုခြင်း၊ ရေးခြစ်ထားခြင်း စသည်တို့ကြောင့် မြန်မာနိုင်ငံကူးလက်မှတ်ပျက်စီးခြင်းဖြစ်ပွားပါက ပြည်ပသို့ ထွက်ခွာနိုင်ရေး ပြန်လည်လျှောက်ထားလျှင် ပျက်စီးသည့်စာအုပ်နှင့်အတူ စာအုပ်တန်ဖိုး ၄၀,ဝဝဝ ကျပ်၊ ပျက်စီးဒဏ်ကြေးငွေ ၅၆,ဝဝဝ ကျပ်၊ စုစုပေါင်း ၉၆,ဝဝဝ ကျပ် ပေးဆောင်၍ သက်ဆိုင်ရာ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး/ရုံးခွဲများတွင် လျှောက်ထားနိုင်ကြောင်း ဖော်ပြထားသည်။
“ပုံမှန်ဆိုရင်တောင်မှ စာအုပ်က လေးသောင်း၊ ဒဏ်ငွေက ငါးသောင်းခြောက်ထောင်ဆိုတော့ ခုဟာက စာအုပ်လေးသောင်း ဒဏ်က တစ်သိန်းအထိဆိုတော့ ဥပဒေလက်တစ်လုံးခြားလုပ်နေတယ်လို့ ယူဆရပါတယ်၊ တစ်ရုံးနဲ့ တစ်ရုံးလည်း မတူကြပါဘူး၊ ကျွန်တော်တို့ ရန်ကုန်ရုံးဘက်ကတော့ ဒါတွေမရှိဘူး၊ စည်းကမ်းအတိုင်းပဲလုပ်တယ်၊ သူတို့ပြည်နယ်က သက်တမ်းတိုးတိုင်း ကောက်ရမယ်လို့ မူချထားလားတော့ မသိဘူးပေါ့လေ၊ လူခပ်များမျာတော့ အဲဒီလို တောင်းခံထိတာတော့ သိထားပါတယ်” ဟု ရန်ကုန်ရုံးတွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ မော်လမြိုင်မြို့နေ အငြိမ်းစားလဝက ဝန်ထမ်းတစ်ဦးက ပြောကြားသည်။
ထို့ပြင် နိုင်ငံကူးလက်မှတ်ပျောက်ဆုံးပါက ၆ လအကြာမှ အသစ်ပြန်လည်လျှောက်ထားခွင့်ပြုသည့် မူတစ်ရပ်ချမှတ်ထားခြင်းသည်လည်း ပြည်ပသို့ ဆေးသွားရောက်ကုသရန်နှင့် ခွင့်ဖြင့်ပြန်လာပြီး အလုပ်ပြန်လည်သွားရောက်လုပ်ကိုင်သူများအတွက် အခက်အခဲများဖြစ်ပေါ်လျှက်ရှိနေကြောင်းလည်း သိရသည်။
မြန်မာနိုင်ငံတွင် နိုင်ငံကူးလက်မှတ်(Passport) ထုတ်ပေးရေးဌာနကို သတင်းရဲတပ်ဖွဲ့ (Special Branch-SB) ရဲထောက်လှမ်းရေးအထူးတပ်ဖွဲ့က ကိုင်တွယ်ထားကြောင်း သိရသည်။